
(နိုင်ငံတကာ)မေ ၂၉
ဂါဇာကမ်းမြောင်ဒေသသို့ ဦးတည်မောင်းနှင်ခဲ့သည့် အကူ အညီပေးရေးသင်္ဘောအုပ်စုကို အစ္စရေးစစ်တပ်က ဝင်ရောက်စီးနင်းစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ပြင်သစ်တက်ကြွလှုပ်ရှားသူများအပေါ် လူသားမဆန်စွာ ညှင်းပန်းနှိပ်စက်ခဲ့မှုများနှင့် ပတ်သက်၍ ပြင်သစ်အစိုးရရှေ့နေရုံးက ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို တရား ဝင်စတင်တော့မည်ဖြစ်သည်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျွန်-နိုရယ် ဘာရိုး (Jean-Noel Barrot)က ယခုလအစောပိုင်း (မေ ၁၉)တွင် “ကမ္ဘာလုံးဆိုင်ရာ ဆူမွဒ် အကူအညီပေးရေးသင်္ဘောအုပ်စု” (Global Sumud Flotilla)ကို အစ္စရေးက နိုင်ငံတကာရေပိုင်နက်အတွင်း ကြားဖြတ်ဟန့်တားစဉ် ဖမ်းဆီးခဲ့သည်။
ထိုသို့ ဖမ်းဆီးခဲ့သည့် ပြင်သစ်နိုင်ငံသား ၃၇ ဦးအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုများ၊ ရိုက်နှက်မှုများ၊ အအေးဒဏ်ခံ ရအောင် ပြုလုပ်မှုများနှင့် အကြိမ်ကြိမ် အရှက်ခွဲမှုများ ကျူးလွန်ခဲ့ကြောင်း တူရကီနိုင်ငံဆိုင်ရာ ပြင်သစ်ကောင်စစ်ဝန်ချုုပ်၏ အစီရင်ခံစာအရ သိရှိရသဖြင့် ဤကဲ့သို့ ရာဇဝတ်မှုမြောက်သည့် လုပ်ရပ်များကို စုံစမ်းစစ်ဆေးရန် နိုင်ငံတော်အစိုးရရှေ့နေများကို ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု သောကြာနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်အတွင်း ဖမ်းဆီးခံခဲ့ရသည့် ပြင်သစ်နိုင်ငံသား အသက် ၃၈ နှစ်အရွယ် မေရီယန် ဟာဂျယ် (Meriem Hadjal) က သူမအနေဖြင့် အစ္စရေးတပ်ဖွဲ့များ၏ ကိုယ်ထိလက်ရောက် စော်ကားပုတ်ခတ်မှုကို ခံခဲ့ရပြီး ခေါင်းကို ရိုက်နှက်ခံခဲ့ရကြောင်း၊ အခြားတက်ကြွလှုပ်ရှားသူတစ်ဦးမှာမူ လျှပ်စစ်တုတ် (Stun weapon)ဖြင့် နှိပ်စက်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။
အခြားတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ အာဒရီယန် ဂျူအန် (Adrien Jouan)ကလည်း ၎င်း၏ကျောပြင်ရှိ ညိုမည်းစွဲနေသော ဒဏ်ရာများကို ပြသကာ လူဖြူမဟုတ်သော ထိန်းသိမ်းခံရသူများသည် ပိုမိုရက်စက်စွာ ကိုင်တွယ်ခြင်းခံခဲ့ရကြောင်း စွပ်စွဲခဲ့သည်။
ပါလက်စတိုင်းအခွင့်အရေးဆိုင်ရာ အစ္စရေးဥပဒေရေးရာဗဟိုဌာန (Adalah)ကလည်း ဤဖြစ်စဉ်သည် လွန်ခဲ့သည့် ၁၀ နှစ်တာအတွင်း အဆိုးရွားဆုံး ညှင်းပန်းနှိပ်စက်မှုဖြစ်ပြီး ညှင်း ပန်းနှိပ်စက်မှု ရာဇဝတ်မှု (Torture) မြောက်နေကြောင်း ထောက်ပြထားပြီး၊ သင်္ဘောအုပ်စုစီစဉ်သူများက လိင်ပိုင်းဆိုင် ရာ စော်ကားမှု အနည်းဆုံး ၁၅ မှုကို မှတ်တမ်းတင်ထားသည်ဟု ဆိုသည်။
ပြင်သစ်နိုင်ငံသည် ဤဖြစ်စဉ်နှင့်ပတ်သက်၍ ပြင်သစ်ဆိုင်ရာ အစ္စရေးသံအမတ်ကြီးကို ခေါ်ယူသတိပေးခဲ့သည့်အပြင်၊ ဖမ်း ဆီးခံထားရသူများကို လှောင်ပြောင်နေသည့် ဗီဒီယိုတင်ခဲ့သူ အစ္စရေးအမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်-ဂီဗီယာကိုလည်း ပြင်သစ်နိုင်ငံအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်လိုက်သည်။
သို့သော်လည်း ဖမ်းဆီးခံခဲ့ရသည့် တက်ကြွလှုပ်ရှားသူများ သည် ပြင်သစ်အစိုးရအနေဖြင့် ဂါဇာအပေါ် အစ္စရေး၏ လူမျိုးတုံးသတ်ဖြတ်မှုစစ်ပွဲကို ထောက်ခံနေသည်ဟု စွပ်စွဲကာ ပြင်သစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် ငြင်းဆိုထားကြပြီး၊ ၎င်းတို့၏ ရှေ့နေများမှတစ်ဆင့် မုဒိမ်းကျင့်ရန် ကြိုး ပမ်းမှု၊ ညှင်းပန်းနှိပ်စက်မှုတို့ဖြင့် သီးခြားတိုင်ကြားစာတစ်စုံ ထပ်မံတင်သွင်းရန် ပြင်ဆင်နေကြကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN