တိုက်ခိုက်မှုများနှင့် စစ်ရှိန်မြှင့် စကားစစ်ထိုးမှုများကြားမှ အမေရိကန်နှင့် ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်နေ၍ အီရန်နိုင်ငံအတွင်း မျှော်လင့်စောင့်စားမှုများ ရှိနေ

(နိုင်ငံတကာ)မေ ၂၆

    ​​​​အီရန်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် နားလည်မှုစာချွန်လွှာတစ်ရပ် ရရှိရန် ကြားခံနိုင်ငံများမှတစ်ဆင့် ဆွေး နွေးပွဲများကို ဆက်လက်လုပ်ဆောင်နေကြသော်လည်း၊ အပြန်အလှန် မယုံကြည်မှုများနှင့် အသစ်တဖန် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများကြောင့် မည်သည့်သဘောတူညီချက်မျှ ချက်ချင်းလက်ငင်း ထွက်ပေါ်လာမည့်ပုံ မပေါ်သေးပေ။

     အမေရိကန်စစ်တပ်က ၎င်းတို့အနေဖြင့် အီရန်တောင်ပိုင်း ရေပိုင်နက်အတွင်း မိုင်းထောင်ရန် ကြိုးပမ်းနေသည့် အီရန်ရေ ယာဉ်များနှင့် ဒုံးကျည်စင်များကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပြီး၊ အီရန်အစိုးရပိုင် မီဒီယာများကလည်း ၎င်းတို့၏ စစ်တပ်က ပြန်လည်ခုခံပစ်ခတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ယခုကဲ့သို့ ထိတွေ့မှုများရှိနေသော်လည်း ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့ကတည်းက စတင်ခဲ့သည့် ပျက်စီးလွယ်သော အပစ်အခတ်ရပ်စဲရေး အခြေ အနေမှာ ယနေ့အထိ ပြိုကွဲသွားခြင်းမရှိသေးပေ။

     ဝါရှင်တန်နှင့် နားလည်မှုတစ်ရပ် ရရှိလာတော့မည်ဟူ သော မျှော်လင့်ချက်ကြောင့် တီဟီရန် (အီရန်မြို့တော်)ရှိ ဈေးကွက်များတွင် အီရန်အမျိုးသားငွေကြေး ရီရယ်လ် (Rial)တန်ဖိုးမှာ ယခုအပတ်အတွင်း ၅ ရာခိုင်နှုန်းကျော် ပြန်လည်ဦးမော့လာခဲ့သလို၊ စတော့အိတ်ချိန်း၏ အဓိကအညွှန်းကိန်းသည်လည်း အမှတ် ၄ သန်းအထက်သို့ ပြန် လည်ရောက်ရှိသွားခဲ့သည်။ သို့သော်လည်း အီရန်နိုင်ငံ၏ အလုံးစုံသော စီးပွားရေးမှာ အမေရိကန်၏ တောင်ပိုင်းဆိပ် ကမ်းများအပေါ် ရေကြောင်းပိတ်ဆို့ထားမှုနှင့် ပြည်တွင်းစီမံခန့်ခွဲမှု လွဲမှားခြင်းတို့ကြောင့် ကြီးမားသော ဖိအားများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

     အထူးသဖြင့် စစ်ပွဲကာလအတွင်း အီရန်၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများကြောင့် အဓိကကုန်ပစ္စည်းတင်သွင်းရာ ရင်းမြစ်ဖြစ်သည့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE)နှင့် ဆက်ဆံရေး သိသိသာသာ ဆိုးရွားသွားခဲ့ရာ ပြည်တွင်း၌ နည်းပညာနှင့် ကွန်ပျူတာပစ္စည်းများ အပါ အဝင် သွင်းကုန်ပြတ်လပ်မှုနှင့် ကုန်ဈေးနှုန်းအဆမတန် မြင့်တက်မှုဒဏ်ကို ပြည်သူများ ပြင်း ပြင်းထန်ထန် ခံစားနေရသည်။ အစိုးရအနေဖြင့် ရိက္ခာနှင့် ဆေးဝါးကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် အခြေခံကုန်ပစ္စည်းများ ရရှိစေရေးကိုသာ အဓိကထား အာရုံစိုက်လုပ်ဆောင်နေရသည်။

     ထို့အပြင် အာဏာပိုင်များက ချမှတ်ထားသည့် သမိုင်းတစ် လျှောက် အရှည်ကြာဆုံး တစ်နိုင်ငံလုံးအတိုင်းအတာ အင်တာနက် ဖြတ်တောက်မှုကြောင့် အလုပ်အကိုင် အမြောက်အမြား ပျက်စီးဆုံးရှုံးခဲ့ရသည်။ သမ္မတ မာဆု ပီဇက်ရှ်ကီယန်က အင်တာနက်လိုင်းများ ပြန်လည်ဖွင့်လှစ်ပေးရန် ပြင်ဆင်မှုများ ပြုလုပ်ဖို့ အမိန့်ပေးခဲ့သော်လည်း၊ ပိတ်ပင်ရန် အမိန့်ထုတ်ပြန်ခဲ့သည့် အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကောင်စီဘက်ကမူ တစ်စုံတစ်ရာ အတည်ပြုချက် မပေးသေးသဖြင့် ကန့်သတ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သည်။

     ပြည်တွင်းရှိ သာမန်ပြည်သူများနှင့် ပညာတတ်များက “စစ်လည်းမဖြစ်၊ ငြိမ်းချမ်းရေးလည်းမရ” သည့် လက်ရှိအခြေအနေဆိုးကြီး မြန်မြန်အဆုံးသတ်ရန် ယာယီသဘော တူညီချက်မျိုးကို မျှော်လင့်နေကြသော်လည်း၊ အီရန်နိုင်ငံတွင်းရှိ သဘောထားတင်းမာသည့် နိုင်ငံရေးသမားများနှင့် မီဒီယာများကမူ အလျှော့မပေးရန် အစိုးရကို ဖိအားပေးနေကြသည်။

     သဘောထားတင်းမာသူများက ရက်ပေါင်း ၄၀ နီးပါးကြာ တိုက်ခိုက်မှုများနှင့် ရေကြောင်းပိတ်ဆို့မှုများကို ကြံ့ ကြံ့ခံကျော်ဖြတ်နိုင်ခဲ့ပြီး မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ဆို့နှောင့်ယှက်ထားနိုင်ခြင်းကြောင့် တီဟီရန်၏ အနေအထားမှာ ပိုမိုအားကောင်းလာသည်ဟု ယူဆနေကြသည်။ ဆွေးနွေးရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ မဟ်မုဒ် နာဘာဗီယန်က ရေကြောင်းပိတ်ဆို့မှုကို ရုပ် သိမ်းပေးရုံမျှဖြင့် ဟော်မုဇ်ရေ လက်ကြားကို ပြန်ဖွင့်ပေးခြင်းသည် အီရန်၏ အကျိုးစီးပွားကို ဆန့်ကျင်နေပြီး အမေရိကန်ဘက်က ပိတ်ဆို့အရေးယူမှုအားလုံးကို ရုပ်သိမ်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

     တစ်ချိန်တည်းမှာပင် အမေရိကန်အစိုးရက ကုလသမဂ္ဂအစည်းအဝေးတက်ရောက်ရန် နယူးယောက်သို့ သွားရောက်မည့် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးရန် ငြင်းဆန်ခဲ့ခြင်းကြောင့်၊ သဘောထားတင်းမာသည့် မီဒီယာများက အမေရိကန်နှင့် ဆွေးနွေးမှုများကို ချက် ချင်းရပ်တန့်ရန် တောင်းဆိုလျက်ရှိသည်။

Telegram»…
https://t.me/positiveanglenews

#PAN