
(နိုင်ငံတကာသတင်းဆောင်းပါး)မေ ၂၇
အိန္ဒိယ၊ ဂျပန်နှင့် သြစတြေးလျနိုင်ငံတို့မှ နိုင်ငံခြား ရေးဝန်ကြီးများသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့်အတူ အင်္ဂါနေ့က နယူးဒေလီမြို့တွင် ပြုလုပ်သည့် အစည်း အဝေးအစ၌ “မိသားစုဓာတ်ပုံ” (Family photograph) ရိုက်ရန် တန်းစီလိုက်ကြစဉ်၊ ၎င်းတို့၏ ကိုယ်ဟန်ပြသမှုမှာ တောင့် တင်းခက်ထန်နေပြီး အိန္ဒိယထိပ်သီးသံတမန် အက်စ် ဂျေရှန်ကာ (S Jaishankar) တစ်ဦးသာ ပြုံးရန် ကြိုးပမ်းခဲ့သည်။
၎င်းတို့၏ အဖွဲ့အစည်းဖြစ်သော— ကွာဒ် (Quad) ဟု လူသိများသည့် ၄ နိုင်ငံလုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲမဟာမိတ်အဖွဲ့ (Quadrilateral Security Dialogue alliance)၏ မကြာသေးမီလများအတွင်း အခြေအနေမှာလည်း ထိုဓာတ်ပုံထက် များစွာထူးခြားမနေခဲ့ပေ။ ဆယ်စုနှစ်နှစ်ခုနီးပါးကာလအတွင်း အကြိမ်ကြိမ် ပြန်လည်ဖွဲ့စည်းခဲ့သည့် ကွာဒ်အဖွဲ့သည် အာရှပစိဖိတ်ဒေသတွင်း တရုတ်နိုင်ငံ၏ အင်အားကြီးထွားလာမှုကို တန်ပြန်ထိန်းညှိရန် စုပေါင်းအစီအစဉ်တစ်ရပ်ကို ပုံဖော်ရန် ကြိုးပမ်းခဲ့ကြသည်။
သို့သော်လည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဒုတိယသက် တမ်းအောက်တွင် အဆိုပါမဟာမိတ်အဖွဲ့မှာ တုံ့ဆိုင်းသွားခဲ့ရကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားကြပြီး၊ ဝါရှင်တန်အနေဖြင့် ၎င်း၏ အဓိကဦးစားပေးလုပ်ငန်းကို အာရှပစိဖိတ်ဒေသမှသည် အနောက်ကမ္ဘာခြမ်း(အမေရိကတိုက်) နှင့် အရှေ့အလယ်ပိုင်းဒေသဆီသို့ ပြန်လည်ဦးလှည့်ပြောင်း လဲခဲ့သည်။
အမေရိကန်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက အစ္စရေးနှင့်အတူ အီရန်အပေါ် စစ်ပွဲစတင်ဖြစ်ပွားချိန်ကတည်းက ၎င်း၏ စစ်သင်္ဘောအုပ်စုကြီးကို အာရှပစိဖိတ်ဒေသမှ အရှေ့အလယ်ပိုင်းသို့ စတင်ရွှေ့ပြောင်းခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အီရန်အပေါ် စတင်လိုက်သည့် အမေရိကန်၏ စစ်ဆင်ရေးဖြစ်သော Epic Fury ကာလအတွင်း အမေရိကန်တပ်ဖွဲ့များသည် စစ်ပွဲမတိုင်မီက သိုလှောင်ထားသည့် အရေးကြီးခဲယမ်း ၄ မျိုး၏ ထက်ဝက်ကျော်ကို အသုံးပြုပစ်ခဲ့သည်။ ယင်းလုပ်ရပ်က အာရှရှိ အမေရိကန်မဟာမိတ်များအကြား အကယ်၍ စစ်ပွဲဖြစ်ပွားလာပါက စစ်ရေးအရ ကာကွယ်ပေးရန် ဝါရှင်တန်အပေါ် ဆက် လက်အားကိုး၍ မရနိုင်တော့ကြောင်း သဘော ပေါက်သွားစေကာ ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
တစ်ချိန်တည်းမှာပင် ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အကြား ကုန်သွယ်ရေးသဘောတူညီချက်များမှတစ်ဆင့် အင်အားကြီးနှစ်နိုင်ငံအကြား ပြန်လည်သင့်မြတ်ရေးကို ပိုမိုလုပ်ဆောင်လာခဲ့ကြပြီး၊ ဆယ်စုနှစ်တစ်ခုနီးပါးကာလအတွင်း အမေရိကန်သမ္မတတစ်ဦး၏ ပထမဆုံးသော တရုတ်နိုင်ငံခရီးစဉ်လည်း ပေါ်ပေါက်လာခဲ့သည်။
ယခုဖြစ်ပေါ်တိုးတက်မှုများသည် ကွာဒ်အဖွဲ့ဝင်နိုင်ငံများကို တုန်လှုပ်ခြောက်ခြားစေခဲ့ပြီး အဖွဲ့၏ အနာဂတ်အပေါ် မေးခွန်း ထုတ်စရာများ ဖြစ်လာစေခဲ့ကြောင်း၊ အဖွဲ့၏ ထိပ်သီးသံတမန်များသည် နယူးဒေလီမြို့၌ ကွာဒ်အဖွဲ့၏ အရေးပါမှုကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေကြလင့်ကစား လေ့လာဆန်းစစ်သူများက ပြောကြားသည်။
“ဒါဟာ အခြေခံအားဖြင့်တော့ ပျက်စီးဆုံးရှုံးမှုတွေကို လိုက် လံထိန်းသိမ်းနေရတဲ့ အခြေအနေ (Damage control)မျိုးပဲ ဖြစ်ပါတယ်” ဟု ဂျပန်နိုင်ငံတကာရေးရာအဖွဲ့ (Japan Institute for International Affairs) မှ လေ့လာဆန်းစစ်သူ အုမိ အရိဂါ (Umi Ariga) က အယ်လ်ဂျာဇီးယားသတင်းဌာနသို့ ပြောကြားခဲ့သည်။
‘မညီမျှသည့် မဟာမိတ်အဖွဲ့အစည်း’
တရုတ်နိုင်ငံ၏ အင်အားကြီးထွားလာမှုကို တန်ပြန်ရန် ရည် ရွယ်ချက်ဖြင့် ၂၀၀၇ ခုနှစ်တွင် ပထမဆုံးဖွဲ့စည်းခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပြန်လည်အသက်သွင်းခဲ့သည့် ကွာဒ် (Quad)အဖွဲ့၏ စုစည်းညီညွတ်မှုသည်၊ ယင်းအချိန်မှစ၍ အမေရိကန်၏ ဦးစား ပေးလုပ်ငန်းများ ပြောင်းလဲလာမှုနှင့်အတူ အားကောင်းလာလိုက် အားနည်းသွားလိုက် ဖြစ်ခဲ့ရသည်။
ပြီးခဲ့သည့်နှစ်က နယူးဒေလီမြို့၌ ပြုလုပ်ရန် စီစဉ်ထားသည့် ကွာဒ်ထိပ်သီးခေါင်းဆောင်များအဆင့် အစည်းအဝေးမှာ သံတမန်ရေးရာ တင်းမာမှုများနှင့် အပြိုင်အဆိုင်ဖြစ်နေသည့် ဦးစားပေးကိစ္စရပ်များကြောင့် လက်တွေ့ပေါ်ပေါက်မလာခဲ့ပေ။ ၂၀၂၅ ခုနှစ် ဇွန်လတွင် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီက ထရန့်အား အဆိုပါထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ကိုယ် တိုင်ဖိတ်ကြားခဲ့သည်။
တစ်နှစ်ကြာပြီးသည့်တိုင် ထရန့်သည် လာရောက်ခြင်းမရှိသေးသလို၊ အဆိုပါထိပ်သီးအစည်းအဝေးကို မည်သည့်အချိန်တွင် ကျင်းပမည်ဆိုသည်ကိုလည်း ရှင်းရှင်းလင်း လင်း မသိရသေးပေ။
တစ်ချိန်တည်းမှာပင် ယခုအပတ်အတွင်း ပြုလုပ်သည့် စုဆုံမှုသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို၏ အိန္ဒိယနိုင်ငံခရီးစဉ်အပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး၊ ယင်းသည် မဟာမိတ်အဖွဲ့ကို ပြန်လည်အသက်သွင်းရန် နောက်ဆုံးအချိန်၌ ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်း အချို့သော လေ့လာဆန်းစစ်သူ များက ပြောကြားကြသည်။
သို့သော်လည်း ဝါရှင်တန်အနေဖြင့် ပေကျင်း (တရုတ်အစိုးရ) နှင့် ရင်းနှီးအောင် ကြိုးပမ်းနေပြီး စစ်ရေးအာရုံစိုက်မှုကို အာရှဒေသမှ လွှဲပြောင်းနေစဉ်အတွင်း၊ ကွာဒ်အဖွဲ့အနေဖြင့် ၎င်း၏ ရည်မှန်းချက်ပန်းတိုင်ကို သတ်မှတ်ရန် ပိုမိုရုန်းကန်နေရကြောင်း ဒေသတွင်းရှိ လေ့လာဆန်းစစ်သူများက ဆိုကြသည်။
အင်္ဂါနေ့က ပြုလုပ်သည့် ကွာဒ်အစည်းအဝေးသည် “မဟာ မိတ်အဖွဲ့ကြီး အရေးမပါသည့် အခြေအနေသို့ လျှော ကျမသွားမီ ထိပ်သီးအစည်းအဝေးကျင်းပမည့် ရက်စွဲတစ်ခုကို သဘောတူညီရန် ကြိုးပမ်းမှုတစ်ရပ်” ဖြစ်ကြောင်း အရိဂါက ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ပေကျင်းအခြေစိုက် နိုင်ငံရေးလေ့ လာဆန်းစစ်သူ အိုင်နာ တန်ဂျန်(Einar Tangen)က အစည်းအဝေး မတိုင်မီ ရူဘီယို၏ အိန္ဒိယခရီးစဉ်သည် စဉ်း စားစရာ ဖြစ်နေကြောင်း ဆိုသည်။
ည”ပေကျင်းရဲ့ အမြင်အရဆိုရင် ရူဘီယိုရဲ့ ခရီးစဉ်ဟာ ဝါရှင်တန်ရဲ့ အတွင်းစိတ်ပူပန်မှုကို ထင်ဟပ်နေပါတယ်။ အကယ်၍ ကွာဒ်အဖွဲ့သာ အပြည့်အဝ ယုံကြည်ချက်ရှိပြီး မဟာဗျူဟာမြောက် စည်းလုံးနေမယ်ဆိုရင် ခုလိုစိတ်ချရအောင် လာရောက်ပြောဆိုဖို့ မလိုအပ်ပါဘူး” ဟု ၎င်းက အယ်လ်ဂျာဇီးယားသို့ ပြောကြားခဲ့သည်။
ထရန့်-ရှီ ထိပ်သီးဆွေးနွေးပွဲကို ပေကျင်းဘက်က သံတမန်ရေးရာ မညီမျှမှု (Diplomatic asymmetry) တစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားပြီး၊ ယင်းက မဟာမိတ်များကို စိတ်ချရ အောင် အတင်းအဓမ္မ ပြောဆိုနေရသည့် ဝါရှင်တန်၏ ရုန်းကန်မှုကို ပိုမိုထင်သာမြင်သာ ဖြစ်စေကြောင်း တန်ဂျန်က ဆိုသည်။
“ထရန့်က ပေကျင်းနဲ့ ဆက်ဆံရေး တည်ငြိမ်အောင်လုပ်ဖို့ စိတ်အားထက်သန်နေပုံ ပေါ်ပြီးတဲ့နောက်မှာ ဝါရှင်တန်အနေနဲ့ အမေရိကန်ဟာ အင်ဒိုပစိဖိတ်ဒေသကို စွန့်ပစ်လိုက်တာမဟုတ်ဘူးဆိုတာ မိတ်ဖက်တွေကို ချက်ချင်းယုံကြည်အောင် ပြောဖို့ လိုအပ်လာတာဖြစ်ပါတယ်” ဟု ၎င်းက ဆို သည်။
တရုတ်ခေါင်းဆောင်က ထရန့်ကို လိုအပ်တာထက် ထရန့်က ရှီကျင့်ဖျင်နှင့် ဆက်ဆံရေးရှိနေကြောင်း ပြသရန် ပိုမိုလိုအပ်နေခြင်းဖြစ်ကြောင်း တန်ဂျန်က ပြောကြားခဲ့သည်။ ပေကျင်း၏ အမြင်အရ တရုတ်နိုင်ငံသည် ထရန့်အား “အခမ်းအနားနှင့် အထိမ်းအမှတ် ပြသမှုများ” သာ ပေးခဲ့ပြီး၊ ဝါရှင်တန်က လိုလားနေသည့် “မဟာဗျူဟာမြောက် လျှော့ပေးမှုများ” ကိုမူ မပေးခဲ့ကြောင်း ၎င်းက ဆိုသည်။
“အဲဒီလို ရှုမြင်ချက်က အရေးကြီးပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကွာဒ်အဖွဲ့ဟာ အရေးပါနေဆဲဖြစ်ပြီး ဝါရှင်တန်အနေနဲ့ အင်ဒိုပစိဖိတ်ဒေသ တန်ပြန်ထိန်းညှိမှုမှာ ဆက်လက်ကတိပြုထားဆဲဖြစ်ကြောင်း အိန္ဒိယ၊ ဂျပန်နဲ့ သြစတြေးလျတို့ကို စိတ်ချရအောင် ရူဘီယိုကို ဘာကြောင့် နောက်ပိုင်းမှာ စေလွှတ်ခဲ့ရသလဲဆိုတာကို ရှင်းပြရာမှာ အထောက်အကူပြုလို့ ဖြစ်ပါတယ်” ဟု ၎င်းက ဆို သည်။
ထို့အပြင် ကွာဒ်အဖွဲ့သည် မည်သည့်ထိပ်သီးအစည်း အဝေးထက်မဆို ကျော်လွန်သည့် ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာတစ်ရပ်နှင့်လည်း ရင်ဆိုင်နေရသည်။ အဆိုပါ မဟာမိတ်အဖွဲ့သည် တရား ဝင်စာချုပ် မရှိခြင်း၊ အမြဲတမ်းအတွင်း ရေးမှူးရုံး မရှိခြင်းနှင့် အပြန်အလှန် စစ်ရေးအရ အကာ အကွယ်ပေးရမည်ဟူသော စည်းနှောင်မှုရှိသည့် ကတိ ကဝတ်များ မရှိခြင်းတို့ကြောင့် အလွန်အလုပ်သဘောဆန်သော (Highly informal) အဖွဲ့အစည်းတစ်ခုသာ ဖြစ်သည်။
ဦးဆောင်မှု ကင်းမဲ့လာခြင်းနှင့် အမေရိကန်၏ ပါဝင်ပတ် သက်မှု လျော့နည်းလာခြင်းတို့က နောက်ဆုံးတွင် ကွာဒ်အဖွဲ့၏ မဟာဗျူဟာမြောက် စည်းလုံးညီညွတ်မှုကို ပျက် ပြားစေခဲ့ကြောင်း အရိဂါက ထောက်ပြခဲ့သည်။
“၂၀၂၅ ခုနှစ်မှာ ဘာထိပ်သီးအစည်းအဝေးမှ မကျင်းပခဲ့ပါဘူး။ ထရန့်ကလည်း တစ်ကြိမ်မှ မတက်ဖူးသလို၊ ဂျပန်ဝန်ကြီး ချုပ် တာကာအီချီ (Sanae Takaichi) ကလည်း မတက်ဖူးပါဘူး” ဟု ၎င်းက မှတ်ချက်ပြုပြီး “ဒီအဖွဲ့အစည်းဟာ အခြေခံအားဖြင့် တစ်နှစ်ကျော်ကြာတဲ့အထိ ထိပ်သီးအဆင့်မှာ ခေါင်း ဆောင်မဲ့ ဖြစ်နေခဲ့တာပါ” ဟု ဆိုသည်။
ကွာဒ်အဖွဲ့သည် ကာကွယ်ဆေးများ၊ အရေးကြီးနည်းပညာများ၊ ထောက်ပံ့ရေးကွင်းဆက်များနှင့် ရေကြောင်းပိုင်နက်ဆိုင်ရာ အသိပညာပေးမှုများကဲ့သို့သော စွန့်စားရမှုနည်းသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့သော်လည်း၊ ဂျပန်လေ့လာဆန်းစစ်သူက ယင်းတို့သည် “အစွန်းထွက်နေရာတွေမှာပဲ အသုံးဝင်ပြီး စုပေါင်းနိုင်ငံရေးဆန္ဒ ကင်းမဲ့နေမှုကိုတော့ ဖုံးကွယ်မထားနိုင်ပါဘူး” ဟု ဆိုသည်။
“ဒါတွေက လုပ်ဆောင်သင့်တဲ့အရာတွေ ဖြစ်ပေမယ့် မဟာ ဗျူဟာမြောက် ခံတံတိုင်းတစ်ခုအဖြစ် စိတ်ကူးပုံဖော်ထားတဲ့ အဖွဲ့အစည်းတစ်ခုအတွက်တော့ ဒုတိယဦးစားပေး အောင်မြင်မှုတွေသာ ဖြစ်ပါတယ်” ဟု အရိဂါက ပြောကြားခဲ့သည်။
အင်္ဂါနေ့က ပြုလုပ်သည့် အစည်းအဝေးက ဖြေရှင်းပေးနိုင်မည်မဟုတ်သော အဓိကမေးခွန်းမှာ— အကယ်၍ အဖွဲ့ ၏ အဓိကဦးဆောင်နိုင်ငံက ၎င်းတို့တန်ပြန်ထိန်းညှိရန် ဒီဇိုင်းဆွဲ ထားသည့် အင်အားကြီးနိုင်ငံနှင့် တစ်ချိန်တည်းမှာပင် ပြန် လည်သင့်မြတ်ရေးကို ရှာဖွေနေမည်ဆိုပါက ကွာဒ်အဖွဲ့အနေဖြင့် ခိုင်မာသော ရည်မှန်းချက်ပန်းတိုင်တစ်ခု ဆက်လက်ရှိနေနိုင်ဦးမည်လား ဟူသောအချက် ဖြစ် ကြောင်း ဂျပန်လေ့လာဆန်းစစ်သူက ဆိုသည်။
အဆိုပါ မဟာမိတ်အဖွဲ့သည် ၂၀၂၅ ခုနှစ်နှောင်းပိုင်းက ထုတ်ပြန်ခဲ့သည့် ထရန့်၏ အမျိုးသားလုံခြုံရေး မဟာဗျူ ဟာတွင် တစ်ကြိမ်မျှသာ သာမန်ကာလျှံကာ ထည့်သွင်းဖော်ပြခြင်း ခံခဲ့ရကြောင်း ၎င်းက ဆိုသည်။
“အဲဒီလို ဘေးဖယ်ထားခံရမှုမျိုးဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကဆိုရင် စဉ်းစားလို့တောင် ရမှာမဟုတ်ပါဘူး” ဟု အရိဂါက ပြောကြားခဲ့သည်။
တန်ဂျန်ကမူ ပေကျင်းအနေဖြင့် ယခုလို အားလျော့လာမှုအပေါ် ၎င်းတို့ဘာသာ ကောက်ချက်ချထားပြီးဖြစ်ကြောင်း ဆိုသည်။ နှစ်ပေါင်းများစွာအတွင်း တရုတ်နိုင်ငံသည် ယခုအဖွဲ့ကို “အာရှနေတိုး” (Asian NATO) ဖြစ်လာနိုင်ချေရှိသည်ဟု ရှုမြင်ခဲ့သည်။
“ကွာဒ်အဖွဲ့အပေါ် ပေကျင်းရဲ့ သုံးသပ်ချက်က ပြောင်းလဲလာခဲ့ပါပြီ။ အရင်က တရုတ်ဆန့်ကျင်ရေး ပေါင်းစည်းထားတဲ့ မဟာမိတ်အဖွဲ့တစ်ခုအဖြစ် ရှုမြင်ခဲ့ရာကနေ၊ အခုအခါမှာတော့ နက်ရှိုင်းတဲ့ အတွင်းပိုင်းစည်းလုံးမှုကြောင့် မဟုတ်ဘဲ တရုတ်နိုင်ငံအပေါ် စိုးရိမ်ပူပန်မှုကြောင့်သာ အဓိကစု စည်းထားရတဲ့ ဖွဲ့စည်းပုံအရ မညီမျှတဲ့ မဟာမိတ်အဖွဲ့အစည်းတစ်ခုအဖြစ် ရှုမြင်လာခဲ့ကြပါတယ်” ဟု ၎င်းက ဆိုသည်။
“ဒီလေးနိုင်ငံအနေနဲ့ ရေရှည်မဟာဗျူဟာမြောက် မျှော်မှန်း ချက် ဒါမှမဟုတ် ကတိကဝတ်ပြုမှုအဆင့် အတူတူရှိကြရဲ့လားဆိုတာကို တရုတ်က ပိုမိုသံသယဝင်လာနေပါတယ်”
အမေရိကန်တပ်ဖွဲ့များ အာရှမှ ထွက်ခွာလာစဉ် ကွာဒ် (Quad) အဖွဲ့အတွင်း စိုးရိမ်ပူပန်မှုများ မြင့်တက်လာ
အာရှပစိဖိတ်ဒေသမှ အရှေ့အလယ်ပိုင်းသို့ အမေရိကန်တပ်ဖွဲ့များနှင့် စစ်သင်္ဘောများကို ပြောင်းရွှေ့နေရာချထားခြင်းက မဟာမိတ်အဖွဲ့အတွင်း မတည်ငြိမ်မှုများကို ပိုမိုနက်ရှိုင်းစေခဲ့သည်။
ဝါရှင်တန်အနေဖြင့် ဂျပန်နိုင်ငံရှိ တပ်ဖွဲ့များကို အရှေ့အလယ်ပိုင်းသို့ ရွှေ့ပြောင်းလိုက်ခြင်းအပေါ်— ပေကျင်း (တရုတ်အစိုးရ) က ထိုင်ဝမ်ကျွန်းပတ်ပတ်လည်တွင် အကြီးစားစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသည့် အချိန်မျိုး၌ တရုတ်၏ အာဏာစက်ကို တိုက်ရိုက်တားဆီးပိတ်ဆို့ထားမှုအား ဖယ်ရှားလိုက်ခြင်းဖြစ်သည်ဟု တိုကျို (ဂျပန်အစိုးရ) က ရှုမြင်ခဲ့ကြောင်း အရိဂါက ပြောကြားသည်။
“တပ်ဖွဲ့တွေ ပြောင်းရွှေ့နေရာချထားမှုနဲ့ ပေကျင်းထိပ်သီးအစည်းအဝေးတို့ ပေါင်းစပ်သွားတဲ့အခါ အမြင်ပိုင်းဆိုင်ရာ စိုးရိမ်ရမှုတွေကို ပိုမိုကြီးထွားစေပါတယ်” ဟု ၎င်းက ဆိုသည်။
ဂျပန်နိုင်ငံ၏ တုံ့ပြန်မှုများထဲမှတစ်ခုမှာ ထရန့်-ရှီ ထိပ် သီးဆွေးနွေးပွဲအပြီးတွင် ဖုန်းဖြင့် အပြင်းအထန် ဆက်သွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ် တာကာအီချီ သည် ရက်ပိုင်းအတွင်းမှာပင် ထရန့်ထံသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း ဂျပန်လေ့လာဆန်းစစ်သူက ရှင်းပြသည်။
”အဲဒီလို အလျင်အမြန် ဖုန်းခေါ်ဆိုခဲ့တာဟာ တိုကျိုအနေနဲ့ ဝါရှင်တန်ကလာတဲ့ အချက်ပြမှုတိုင်းကို ဘယ်လောက်အထိ စိုးရိမ်တကြီး စောင့်ကြည့်နေသလဲဆိုတာကို ထင်ဟပ်နေပါတယ်” ဟု အရိဂါက ပြောကြားသည်။
တန်ဂျန်ကမူ တရုတ်မဟာဗျူဟာပညာရှင်များသည် ထရန့်၏ ခန့်မှန်းရခက်ခဲမှုကို မရည်ရွယ်ဘဲရရှိသည့် မဟာ ဗျူဟာမြောက် လက်ဆောင်တစ်ခုအဖြစ် ရှုမြင်ကြကြောင်း ဆိုသည်။
“သူဟာ အမေရိကန်ရဲ့ မဟာမိတ်စနစ်ကို ရေရှည်တည် တံ့ပြီး တန်ဖိုးထားမှုအပေါ် အခြေခံတဲ့စနစ်မျိုး မဟုတ်တော့ဘဲ၊ အခြေအနေအပေါ်မူတည်တဲ့၊ ညှိနှိုင်းလို့ရတဲ့အပြင် အကျိုး အမြတ်လဲလှယ်တဲ့ (Transactional) ပုံစံမျိုး ဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်” ဟု တန်ဂျန်က ပြောကြားသည်။
စွန့်ပစ်ခံရမည့်အရေး စိုးရိမ်မှုများက အာရှပစိဖိတ်ဒေသတွင်း ပိုမိုနက်ရှိုင်းသော ဘေးရန်ကာကွယ်မှုများ (Hedging) ကို ဖြစ်ပေါ်စေ
ဂျပန်နိုင်ငံအတွက်မူ ထရန့်-ရှီ ထိပ်သီးဆွေးနွေးပွဲ၏ အပေါ် ယံမြင်ကွင်းများမှာလည်း စိုးရိမ်စရာ ဖြစ်ခဲ့သည်။
”ပြီးခဲ့တဲ့အပတ်က ရှီ-ထရန့် ထိပ်သီးအစည်းအဝေးမတိုင်မီ ဂျပန်မူဝါဒရေးရာအသိုင်းအဝိုင်းအတွင်းမှာ ထရန့်အနေနဲ့ အနောက်ကမ္ဘာခြမ်းကိုပဲ ၎င်းရဲ့ပိုင်နက်အဖြစ် အခိုင်အမာတောင်းဆိုပြီး၊ တရုတ်နိုင်ငံကိုတော့ အာရှမှာ စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး ဩဇာလွှမ်းမိုးမှုတွေ တိုးချဲ့ခွင့်ပြုခြင်းအားဖြင့် ၎င်းရဲ့ အာရှမဟာမိတ်တွေကို ‘သစ္စာဖောက်ရောင်းစား’ လိမ့်မယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုအချို့ ရှိခဲ့ပါတယ်” ဟု အရိဂါက အယ်လ်ဂျာဇီးယားသို့ ပြောကြားခဲ့သည်။
“ဒီတစ်ကြိမ်မှာတော့ အဲဒီအခြေအနေကို ရှောင်လွှဲနိုင်ခဲ့ပေမယ့် ဂျပန်မှာ စွန့်ပစ်ခံရမှာနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ အများကြီး ရှိနေဆဲဖြစ်ပါတယ်”
တိုကျိုအနေဖြင့် ၎င်း၏ ကိုယ်ပိုင်လုံခြုံရေးကို အရှိန်အ ဟုန်မြှင့် တိုးမြှင့်ခြင်းဖြင့် တုံ့ပြန်ခဲ့ကြောင်း အရိဂါက ဆို သည်။
”၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ဟာ ၉.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး၊ သတ်မှတ်ထားတဲ့ အစီအစဉ်ထက် နှစ်နှစ်စောကာ ဂျီဒီပီ (GDP) ရဲ့ ၂ ရာခိုင် နှုန်းကို ရောက်ရှိသွားခဲ့ပါတယ်” ဟု ၎င်းက ပြောကြားသည်။
ထို့အပြင် တိုကျိုသည် ကမ္ဘာလုံးဆိုင်ရာ တိုက်ခိုက်ရေးလေ ယာဉ် အစီအစဉ် (GCAP) ဖြစ်သည့် တိုက်လေယာဉ် ပူးပေါင်းထုတ်လုပ်ရေး မဟာမိတ်အဖွဲ့မှတစ်ဆင့် သြစတြေးလျ၊ ဖိလစ်ပိုင်နှင့် ဗြိတိန်နိုင်ငံတို့နှင့် လုံခြုံရေးဆိုင်ရာ မိတ်ဖက်ဖြစ်မှုများကို ပိုမိုနက်ရှိုင်းစေခဲ့ပြီး ခန့်မှန်းရခက်ခဲသော ဝါရှင်တန်၏ အခြေ အနေအပေါ် ဘေးရန်ကာကွယ်မှုများ လုပ်ဆောင်ခဲ့ကြောင်း အရိဂါက ဆိုသည်။
ပေကျင်းအနေဖြင့် အဆိုပါ ဘေးရန်ကာကွယ်မှုဆိုင်ရာ အလားအလာများကို အခြားကွာဒ်အဖွဲ့ဝင်များအတွင်း၌ လည်း တွေ့မြင်နေရသည်။ တရုတ်မူဝါဒချမှတ်သူများသည် အိန္ဒိယ၊ သြစတြေးလျနှင့် ဂျပန်နိုင်ငံတို့စီတွင် ၎င်းတို့၏ ရပ်တည်ချက်ကို ပြန်လည်တွက်ချက်နေကြသည်ဟု ယုံကြည်နေကြောင်း တန်ဂျန်က ဆိုသည်။
နယူးဒေလီ (အိန္ဒိယအစိုးရ) သည် ထရန့်-ရှီ ထိပ်သီးအစည်း အဝေးကို ဝါရှင်တန်အနေဖြင့် “အိန္ဒိယကို ဒေသတွင်း တန်ပြန်ထိန်းညှိမှုဆိုင်ရာ ကုန်ကျစရိတ်များကို ဆက် လက်ကျခံစေရန် မျှော်လင့်နေစဉ်” မှာပင်၊ နောက်ဆုံး၌ ပေကျင်းနှင့် တိုက်ရိုက်ဆွေးနွေးညှိနှိုင်းသွားနိုင်သည့် သက် သေအထောက်အထားတစ်ခုအဖြစ် ရှုမြင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
“အမေရိကန်က ပါကစ္စတန်နဲ့ လက်တွဲဆောင်ရွက်နေတာတွေ၊ မိုဒီရဲ့ နောက်ဆုံးရွေးကောက်ပွဲအပေါ် အမေရိကန်ရဲ့ နိုင်ငံရေးအရ ကြားဝင်စွက်ဖက်မှုဆိုင်ရာ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အိန္ဒိယအတွင်း သံသယရှိနေတာတွေ၊ ပြီးတော့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါနိုင်ငံတို့မှာ အရောင်စုံတော်လှန်ရေးတွေကြောင့် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အဲဒီစိုးရိမ်ပူပန်မှုက ပိုမိုပြတ်သားလာပါတယ်”
ယခုဖြစ်ပေါ်တိုးတက်မှုများသည် အိန္ဒိယနိုင်ငံ၏ တရား ဝင်မဟာမိတ်အဖွဲ့အစည်းများတွင် ပါဝင်ခြင်းထက် မဟာဗျူဟာမြောက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Strategic autonomy) ဆိုင်ရာ ဗီဇကို ပိုမိုအားကောင်းစေကြောင်း တန်ဂျန်က ပြောကြားသည်။ သြစတြေးလျနိုင်ငံတွင်လည်း မတူညီသောအကြောင်းပြချက်များဖြင့် အလားတူ သံသယများ ထွက်ပေါ်နေကြောင်း လေ့လာဆန်းစစ်သူက ဆိုသည်။
“ကင်ဘာရာ (သြစတြေးလျအစိုးရ) ဟာ သွင်းကုန်ခွန်တွေ၊ သံမဏိအငြင်းပွားမှုတွေ၊ ဆေးဝါးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ… ကာကွယ်ရေးအသုံးစရိတ်အပေါ် ဖိအားပေးမှုတွေနဲ့ သံအမတ်ကြီး ကီဗင် ရတ်ဒ် (Kevin Rudd) အပေါ် လူသိရှင် ကြား တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်” ဟု တန်ဂျန်က ထောက်ပြပြီး၊ ယင်းသည် တရုတ်နိုင်ငံ၏ ရှုထောင့်မှကြည့်လျှင် ဝါရှင်တန်အနေဖြင့် ရင်းနှီးသော မဟာမိတ်များကိုပင် အကျိုး အမြတ်လဲလှယ်သည့် စီးပွားရေးအမြင်ဖြင့် ပိုမိုဆက်ဆံလာနေသည့် သက်သေဖြစ်ကြောင်း ဆို သည်။
“ဝါရှင်တန်ဟာ မဟာမိတ်တွေကို စီးပွားရေးအရ ဖိအားပေးနေတဲ့အချိန်မှာပဲ တစ်ပြိုင်နက်တည်းမှာ တရုတ်နိုင်ငံကို တန်ပြန်ဖို့ မဟာဗျူဟာမြောက် စွန့်စားရမှုတွေကို ပိုမိုတာဝန်ယူကြဖို့ တောင်းဆိုနေပါတယ်။ ပေကျင်းကတော့ ထရန့်လက်ထက်မှာ ဒီလိုကွဲလွဲမှုတွေဟာ ကျဉ်းမြောင်းသွားတာမျိုးမဟုတ်ဘဲ ပိုမိုကျယ်ပြန့်လာနေတယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။
တရုတ်နိုင်ငံ၏ အမြင်အရ ယင်းသည် ကွာဒ်အဖွဲ့၏ အဓိက အားနည်းချက်ပင် ဖြစ်သည်။
“တရုတ်ကတော့ ယခုအဖွဲ့ကို ၎င်းအား ဝိုင်းရံပိတ်ဆို့သည့် ဖွဲ့စည်းပုံတစ်ခုအဖြစ် ရှုမြင်နေဆဲဖြစ်သော်လည်း၊ အဖွဲ့ဝင်တစ်ဦးချင်းစီက ၎င်းတို့အနေဖြင့် ရေရှည်ခိုင်မာ သော မဟာဗျူဟာမြောက် မဟာမိတ်အဖွဲ့တစ်ခုတွင် ပါဝင်နေခြင်းလား သို့မဟုတ် ပေကျင်းနှင့်ပြုလုပ်မယ့် ဝါရှင်တန်ရဲ့ ကျယ်ပြန့်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေမှာ အသုံးချခံ အကြွေစေ့ (Bargaining chips) တွေအဖြစ်သာ ဆောင် ရွက်နေရခြင်းလားဆိုတာကို အသာအယာ ပြန်လည်တွက် ချက်နေကြတဲ့ အခြေအနေမျိုးအဖြစ် ပိုမိုရှုမြင်လာနေပါတယ်” ဟု တန်ဂျန်က ပြောကြားခဲ့သည်။
(Al Jazeera သတင်းဌာနမှ Urooba Jamal ၏ As Trump woos China, the Quad grouping drifts towards irrelevanceသတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)
Telegram»…
https://t.me/positiveanglenews
#PAN