ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်ရေး လူကယ်ပြန်ဒုဝန်ကြီး လမ်းညွှန်မှာကြား

(ပညာရေး) မေ ၁၃

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် ယနေ့ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ ကျိုက်ဝိုင်းဘုရားလမ်းရှိ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြုဗဟိုဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဗဟိုဌာနသို့ ရောက်ရှိရာတွင် ကျောင်းတာဝန်ခံက နေ့ကလေးထိန်းနှင့် မူလတန်းကြိုကျောင်း ဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး(ECCD)ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုနှင့် မူလတန်းကြိုဆရာမအလုပ်အကိုင်အတွက် ကျွမ်းကျင်မှုစံသတ်မှတ်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးက ရှေးဦးအရွယ်ကလေးသူငယ်များသည် နိုင်ငံတော်၏ အနာဂတ် လူသားအရင်းအမြစ်များဖြစ်သဖြင့် ECCD ဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ဥပဒေ၊ နည်းဥပဒေများကို စနစ်တကျ ရေးဆွဲပြဋ္ဌာန်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးဘဝအစောပိုင်းကာလသည် လူ့ဘဝတစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အခြေခံအချိန်ကာလဖြစ်သဖြင့် စနစ်တကျ ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မူလတန်းကြိုကျောင်းတက်ရောက်သော ကလေးများတွင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂ အစရှိသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရန် သင်ရိုးညွှန်းတမ်း၊ သင်ကြားနည်းစနစ်နှင့် သင်ထောက်ကူပစ္စည်းများကို ခေတ်နှင့်အညီ အမြဲတမ်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မူကြိုအရွယ်ကလေးအားလုံး ECCD အလေ့အကျင့်ကောင်းများ ရရှိစေရန် မူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိက မူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများကို တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်သင့်ကြောင်း လမ်းညွှန်ခဲ့သည်။

ထို့အပြင် မူကြိုတက်ရောက်မှု မရှိခဲ့သော ကလေးများအတွက် KG နှင့် KG+၁ အဆင့်များတွင် သင်ကြားသင်ယူမှုများ အဆင်ပြေချောမွေ့စေရန် အသက်အရွယ်နှင့် ကိုက်ညီသည့် သင်ကြားမှုစနစ်များ ပြုလုပ်ပေးရန် လိုအပ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မူလတန်းဆရာ၊ ဆရာမများအတွက် ECCD ဆိုင်ရာ ဆရာဖြစ်သင်တန်းများ ဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

မိဘအသိပညာပေးလုပ်ငန်းများကိုလည်း ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်ပြီး မသန်စွမ်းမှုများကို စောစီးစွာ သိရှိနိုင်ရန်နှင့် ကလေးသူငယ်ဖွံ့ဖြိုးမှု အခြေအနေများကို တိုင်းတာစစ်ဆေးနိုင်ရန် ECI ဝန်ဆောင်မှုများတွင် မူကြိုဆရာ၊ ဆရာမများ ကျွမ်းကျင်တတ်မြောက်ထားရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းသို့ သွားရောက်ရာ ကျောင်းအုပ်ကြီးက လူမှုရေးပညာဆိုင်ရာသင်တန်းများ၊ ရုံးလုပ်ငန်းနှင့် ဘတ်ဂျက်၊ ငွေစာရင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက သင်တန်းသားဝန်ထမ်းများအား တာဝန်ကျရာဒေသများတွင် ပြည်သူလူထုအတွက် လူမှုရေးဝန်ဆောင်မှုများကို မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးရန်နှင့် ဥပဒေစည်းမျဉ်းများနှင့်အညီ လုပ်ကိုင်ကြရန် လမ်းညွှန်ခဲ့သည်။

ဆက်လက်၍ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်က ကျောင်းတွင် ယောင်္ကျားလေး ၁၁၂ ဦးကို လက်ခံစောင့်ရှောက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက ကလေးများအား စည်းကမ်းလိုက်နာမှု၊ ကိုယ်ချင်းစာတရားနှင့် လူမှုသဟဇာတဖြစ်မှုများ ဖွံ့ဖြိုးစေရန် လေ့ကျင့်ပေးရန်၊ အနိုင်ကျင့်မှုနှင့် ခွဲခြားဆက်ဆံမှုများ မရှိစေရန် စောင့်ရှောက်ပေးရန်နှင့် ကလေးတစ်ဦးချင်း၏ နောက်ခံအခြေအနေများကို သေချာလေ့လာ၍ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိပါက ပြန်လည်ကုစားပေးရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

#PAN