ပုသိမ်တွင် ၃၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်စီမံကိန်း အကောင်အထည်ဖော်မည်

(စွမ်းအင်) မေ ၁၃

ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ပုသိမ်စက်မှုစီမံကိန်းနှင့် ၃၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကုမ္ပဏီမှတာဝန်ရှိသူများက ပုသိမ်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်းအခြေခံအချက်အလက်များ၊ တည်နေရာ၊ နည်းပညာပိုင်းဆိုင်ရာအချက်အလက်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့အပြင် လစဉ်ထုတ်လုပ်နိုင်မည့် လျှပ်စစ်ဓာတ်အားပမာဏ၊ မဟာဓာတ်အားလိုင်းသို့ ချိတ်ဆက်နိုင်မှု၊ Solar Tracker စနစ်များနှင့် စွမ်းအင်သိမ်းဆည်းမှုစနစ် (ESS System) အသုံးပြုမှုတို့ကိုလည်း တင်ပြခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် စီမံကိန်းများ အရေးပါကြောင်း၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးတိုးတက်မှုအတွက် လျှပ်စစ်မီးရရှိရေးသည် အဓိကလိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား လုံလောက်စေရန် ကညင်လှောင်တမံမှ ၁၀ ဒသမ ၅ မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်းကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းနှင့် စီမံကိန်းများကို သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြီးစီးစေရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ပုသိမ် ၃၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်စီမံကိန်းကို ၂၀၂၆ ခုနှစ် မေ ၂၆ ရက်တွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ် မေ ၂၆ ရက်တွင် ပြီးစီးရန် စီမံထားကြောင်း သိရသည်။

ထို့အပြင် စီမံကိန်းအဆင့်မြှင့်တင်၍ မြေနေရာနှင့် အခြေအနေများအပေါ်မူတည်ကာ ထုတ်လုပ်မှုစွမ်းအားကို ၉၀ မဂ္ဂါဝပ်အထိ တိုးမြှင့်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

#PAN