
(နိုင်ငံတကာ)မေ ၁၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အစိုးရအဖွဲ့သည် ကုလသမဂ္ဂသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေအဖြစ် အပိုဆောင်း ဒေါ်လာ ၁.၈ ဘီလီယံ ပေးအပ်ရန် ကြာသပတေးနေ့တွင် ကတိပြုလိုက်သည်။ သို့သော် ယခုအကူအညီမှာ ကုလသမဂ္ဂ၏ စီမံခန့်ခွဲမှုယန္တရားများကို ပြုပြင်ပြောင်းလဲရန် ဖိအားပေးသည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ် သည်။
ယခုကြေညာလိုက်သော ဒေါ်လာ ၁.၈ ဘီလီယံမှာ ပြီးခဲ့သည့် ဒီဇင်ဘာလက ကတိပြုထားသည့် ဒေါ်လာ ၂ ဘီလီယံအပြင် ထပ်မံဖြည့်စွက်ပေးခြင်း ဖြစ်သည်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ဝေါလ်ဇ် (Mike Waltz)က သမ္မတ ထရန့်အနေဖြင့် အမေရိကန်အခွန်ထမ်းပြည်သူများ၏ ငွေကြေးများကို အသုံး ပြုရာတွင် ပိုမိုပွင့် လင်းမြင်သာမှုရှိစေရန်နှင့် ကုလသမဂ္ဂကို ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခင်အစိုးရများလက်ထက် ၂၀၂၂ ခုနှစ်တွင် ပေး အပ်ခဲ့သည့် ဒေါ်လာ ၁၇ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ယခုပမာဏမှာ များစွာလျော့နည်းနေသော်လည်း၊ အစိုးရကမူ ရန်ပုံငွေများကို အလဟဿမဖြစ်စေဘဲ အမှန်တကယ်လိုအပ်သူ များထံ တိုက်ရိုက်ရောက်ရှိစေရန် ဆောင်ရွက်ခြင်း ဖြစ် ကြောင်း တုံ့ပြန်ခဲ့သည်။
ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များကမူ အမေရိကန်၏ အကူအညီလျှော့ချမှုအပေါ် စိုးရိမ်ပူပန်လျက်ရှိသည်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ တွမ်ဖလက်ချာ(Tom Fletcher)က လက် ရှိတွင် ကမ္ဘာတစ်ဝန်း လူပေါင်းသန်း ၃၀၀ ကျော်သည် အကူအညီလိုအပ်နေသော်လည်း ရန်ပုံငွေများမှာ လျော့နည်းလာသဖြင့် လုပ် ဆောင်ရမည့်ဝန်နှင့် အင်အားမမျှဘဲ အရင်းအမြစ်များ ပြတ်လပ်နေကြောင်း သတိပေးခဲ့သည်။
ထရန့်အစိုးရသည် ပြီးခဲ့သည့်နှစ် ဇူလိုင်လက ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံတကာအကူအညီပေးရေးကို ဦးဆောင်ခဲ့သည့် USAID ကို ပိတ်သိမ်းခဲ့သဖြင့် ဖွံ့ဖြိုးရေးအကူအညီပေးမှုမှာ ၅၆.၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။
အမေရိကန်သည် ကုလသမဂ္ဂသို့ ပေးဆောင်ရန်ရှိသည့် အဖွဲ့ဝင်ကြေး (Dues) ဒေါ်လာ ၄ ဘီလီယံနီးပါး ကြွေးကျန်ရှိနေသော်လည်း လက်ရှိတွင် ဒေါ်လာ ၁၆၀ သန်းသာ ပေးဆောင်ရသေးသည်။ ကုလသမဂ္ဂ အထွေ ထွေအတွင်းရေးမှူး ချုပ် အန်တိုနီယို ဂူတာရက်စ် ကမူ အဖွဲ့ဝင်ကြေးပေးဆောင်ရန်မှာ နိုင်ငံတကာတာဝန်ဖြစ်ပြီး အခြားအခြေအနေများနှင့် ညှိနှိုင်း၍မရကြောင်း ပြတ်ပြတ်သားသား ပြောကြားထား သည်။
သံအမတ်ကြီး ဝေါလ်ဇ်ကမူ အမေရိကန်သည် နိုင်ငံ တကာအကူအညီပေးရေးကဏ္ဍမှ နောက်ဆုတ်သွားသည်ဟူသော သတင်းများကို “သတင်းမှား” ဟု ဆိုကာ ပယ်ချခဲ့ပြီး၊ ပိုမိုစနစ်ကျသော အကူအညီပေးရေးပုံစံသစ်သို့ ပြောင်းလဲနေခြင်းသာဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
#Trump #UnitedNations #HumanitarianAid #USForeignPolicy #BreakingNews #PositiveAngleNews #GlobalAffairs #WashingtonDC
Telegram»…
https://t.me/positiveanglenews
#PAN