ကော့ကရိတ်မြို့တွင် ပညာရေးနှင့် မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုဆောင်ရွက်

(ပြည်တွင်း) မေ ၁၅

ကရင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်၊ ကော့ကရိတ်ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ တာဝန်ရှိသူများနှင့်အတူ မေလ ၁၅ ရက် နံနက် ၈ နာရီခန့်တွင် ကော့ကရိတ်မြို့ ပညာရေးနှင့် မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့ကြာင်း သိရသည်။

အဆိုပါအဖွဲ့သည် နံနက် ၉ နာရီခန့်တွင် ကော့ကရိတ်မြို့ အမှတ် (၆) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းရုံးခန်း၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်၊ ခရိုင်ပညာရေးမှူး ဦးခွန်အောင်မျိုးဆွေ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိမွန်နှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးနှင့် မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လမ်းညွှန်မှာကြားခဲ့ပြီး ကျောင်းဝန်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် အမှတ် (၅) ရပ်ကွက်ရှိ မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များအား သွားရောက်ကြည့်ရှုစစ်ဆေးကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်ချက်များအားမှာကြားခဲ့ပြီး အမှတ် (၃) ရပ်ကွက်၊ သိပ္ပံလမ်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းရုံးခန်း၌ မြို့နယ်ပညာရေးမှူး ဒေါ်ရီရီခိုင်၊ ကျောင်းအုပ်ဆရာကြီး ဦးကျော်ကျော်မျိုးနှင့် ဆရာ/ဆရာမများအား တွေ့ဆုံခဲ့သည်။ ထို့နောက် သီရိရတနာခန်းမတွင် ကျင်းပနေသည့် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်ရေး သင်တန်းမှ ဆရာ/ဆရာမများနှင့် တွေ့ဆုံအမှာစကားပြောကြားခဲ့သည်။

ထိုမှတဆင့် အမှတ် (၁) ရပ်ကွက် ချောင်းတောင်ရပ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ချောင်းတောင်) သို့ သွားရောက်၍ ကျောင်းအုပ်ဆရာကြီး ဦးစောဝင်းထိုက်နှင့် တွေ့ဆုံကာ ကျောင်းလိုအပ်ချက်များနှင့် တင်ပြချက်များကို လမ်းညွှန်မှာကြားခဲ့ပြီး အမှတ် (၁၂) အခြေခံပညာမူလတန်းကျောင်းနှင့် သမဝါယမဂိုဒေါင် (ထောက်ပံ့ရေးပစ္စည်းများထားရှိမည့်နေရာ) ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး၊ မြို့ပြန်လည်ထူထောင်ရေးနှင့် နေရာချထားရေးလုပ်ငန်းများကို ဆွေးနွေးလမ်းညွှန်မှာကြားခဲ့ပြီး မြို့မဘုန်းကြီးကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြှော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။