
(ပြည်တွင်း) မေ ၁၅
ရေးနှင့်ထားဝယ်အပိုင်းတွင် လက်ရှိလမ်းထက်ကောင်းမွန်မည့် ပင်လယ်ကမ်းခြေတစ်လျှောက်မောင်းနှင်နိုင်သည့် ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သောလမ်းတစ်ခုဖြစ်အောင် ဆောင်ရွက်သွားရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်ဖောက်လုပ်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရထားလမ်းများဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်း အဆင့်မြှင့်တင်နိုင်ရေးအတွက်ကိုပါ ထည့်သွင်းတွက်ချက်ဆောင်ရွက်သွားရန်လိုအပ်ပြီး အသွားအလာများပြားသည့် ရန်ကုန်-ပြည်လမ်းပိုင်းကို ဒွေးလမ်းအဖြစ် အဆင့်မြှင့်တင်သွားရန်နှင့် ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ်အထိ သွားရောက်နိုင်သည့် ရထားလမ်းတည်ဆောက်နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော်သမ္မတကပြောသည်။
မေလ ၁၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားစက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) သို့သွားရောက်၍ ရထားပို့ဆောင်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး လမ်းညွှန်မှာကြားစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်-ပုဂံ သွားရထားလမ်းအား ပြန်လည်ပြင်ဆင်အဆင့်မြှင့် တင်ရာတွင်လည်း သာယာလှပပြီး ရှုမောဖွယ်ဖြစ်သည့် ရှုမျှော်ခင်းများပါရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားစီးခရီးသည်များအနေဖြင့် သာယာသည့် သဘာဝပတ်ဝန်းကျင်ကို ကြည့်ရှုစီးနင်းလိုက်ပါကာ ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေမှ ဘုရားစေတီပုထိုးများကို ရောက်ရှိဖူးမြော်နိုင်ရေး ဆောင်ရွက်ပေးခြင်းဖြင့် ရထားစီးခရီးသည်များနှင့် ခရီးသွားများကို ပိုမိုဆွဲဆောင်စေနိုင်မည်ဖြစ်ကြောင်း။ဇီးပင်ကြီး-ပြင်ဦးလွင်-နောင်ချို-သီပေါ မီးရထားလမ်းကြောင်း၊ သာစည်-ကလော-တောင်ကြီး-နောင်ကား မီးရထားလမ်းကြောင်းတို့အား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီး ပုံမှန်အတိုင်း ပြေးဆွဲပေးနိုင်ရန်လိုကြောင်းပြောကြားခဲ့သည်။