အစိုးရသစ်တက်ပြီး ၂ လ နီးပါးအကြာ ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းများ အနည်းငယ်ကျဆင်းလာ

(စီးပွားရေး) မေ ၁၅

အစိုးရသစ်တက်လာပြီး ၂ လ နီးပါးကြာတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအချို့၏ ဈေးနှုန်းများမှာ အနည်းငယ်ပြန်လည်ကျဆင်းလာကြောင်း ဆောက်လုပ်ရေးပစ္စည်းအရောင်းဈေးကွက်မှ သိရသည်။

ယခင် ၂၀၂၆ ခုနှစ် ဧပြီလအတွင်း ဈေးနှုန်းများ မြင့်တက်ခဲ့သော သံချောင်း၊ ဘိလပ်မြေ၊ သဲ၊ ကျောက်၊ သွပ် စသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများမှာ မေလအတွင်း ပြန်လည်ကျဆင်းလာပြီး အရောင်းအဝယ်ဈေးကွက်တွင် သက်သာလာသည့် လက္ခဏာများတွေ့ရှိရသည်။

ဘိလပ်မြေဈေးနှုန်းအနေဖြင့် ဧပြီလ ဒုတိယပတ်တွင် တစ်အိတ်လျှင် အများဆုံး ကျပ် ၂၈,၀၀၀ ဝန်းကျင်၊ အနည်းဆုံး ကျပ် ၂၇,၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ ယခုမေလအတွင်း တစ်အိတ်လျှင် အများဆုံး ကျပ် ၂၃,၅၀၀ ဝန်းကျင်နှင့် အနည်းဆုံး ကျပ် ၂၂,၅၀၀ ဝန်းကျင်အထိ ကျဆင်းလာသည်ကို တွေ့ရသည်။

ထို့အပြင် HRB 400 Local၊ HRB 400 Local Export Quality နှင့် HRB 400 Original စသည့် သံချောင်းအမျိုးအစားများ၏ ဈေးနှုန်းများလည်း အရွယ်အစားအလိုက် အနည်းငယ်စီ ပြန်လည်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အသုံးများသည့် သဲနှင့်ကျောက်ဈေးနှုန်းများလည်း လျော့နည်းလာပြီး အိမ်အရောက် သဲတစ်ကျင်းကို ကျပ် တစ်သောင်းကျော်နှင့် ကျောက်တစ်ကျင်းကို ကျပ် နှစ်သောင်းဝန်းကျင်အထိ ကျဆင်းလာကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

အခြားတစ်ဖက်တွင် အုတ်ဈေးနှုန်းများမှာ ထူးခြားသောပြောင်းလဲမှုမရှိဘဲ ပုံမှန်ဈေးတန်းတွင်သာ ရှိနေပြီး အရောင်းအဝယ်အေးနေသည်။ ရန်ကုန်ဈေးကွက်တွင် အိမ်အရောက် ၈ ပေါက် စက်အုတ် ပထမတန်းစား တစ်လုံးကို ကျပ် ၄၃၅ ဝန်းကျင်၊ ဒုတိယတန်းစားကို ကျပ် ၄၂၅ မှ ၄၂၈ ဝန်းကျင်နှင့် တတိယတန်းစားကို ကျပ် ၄၂၀ မှ ၄၂၅ ဝန်းကျင်ရှိကြောင်း အုတ်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းများ ပြန်လည်ကျဆင်းလာခြင်းသည် အစိုးရသစ်၏ စီးပွားရေးထိန်းညှိမှုများနှင့် ဈေးကွက်တည်ငြိမ်ရေးဆောင်ရွက်ချက်များ၏ အကျိုးသက်ရောက်မှုတစ်စိတ်တစ်ပိုင်းဖြစ်နိုင်ကြောင်း ဈေးကွက်လေ့လာသူများက သုံးသပ်ထားသည်။