ဘုရားဖူးခရီးသွားပြည်သူများ မီးရထားဖြင့် အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး လမ်းညွှန်

(ပြည်တွင်း) မေ ၁၃

မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးလှနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် ကျိုက်ထိုမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းခွဲရုံသို့ သွားရောက်၍ လုပ်ငန်းလည်ပတ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းခွဲရုံသို့ ရောက်ရှိရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနောင်နာင်က လျှပ်စစ်ဓာတ်အားပေးခွဲရုံအတွင်း လုပ်ငန်းလည်ပတ်နေမှုအခြေအနေများနှင့် လက်ရှိ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီး ဦးဇေယျာဦးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တောင်သူစုရပ်ကွက်ရှိ မြန်မာ့မီးရထား ကျိုက်ထိုဘူတာဝင်းသို့ သွားရောက်ကာ အမှတ်(၈)တိုင်း တိုင်းတာဝန်ခံ ဦးအေးသိန်းနှင့် ကျိုက်ထိုဘူတာမှ တာဝန်ရှိသူများအား ဘူတာဧည့်ခန်းမတွင် တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် ဘူတာအတွင်း လုပ်ငန်းလည်ပတ်နေမှုအခြေအနေများနှင့် လက်ရှိ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီး ဦးဇေယျာဦးက မြန်မာ့မီးရထားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ မီးရထားဖြင့် ခရီးသွားပြည်သူများနှင့် ဘုရားဖူးခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် လိုအပ်သည့် လမ်းညွှန်ချက်များကို ပြောကြားခဲ့သည်။

ထိုသို့ စစ်ဆေးလမ်းညွှန်ပြီးနောက် နံနက် ၁၁ နာရီခွဲခန့်တွင် ဝန်ကြီး ဦးဇေယျာဦးသည် စက်ခေါင်းအမှတ် DF-2090 ဖြင့် ရန်ကုန်-မော်လမြိုင် အမှတ် (၈၁) အဆန်ရထားကို စီးနင်း၍ မော်လမြိုင်မြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

#PAN