(ပြည်တွင်း) မေ ၉

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ်တွင် ပြည်သူများ၏ တင်ပြတောင်းခံချက်အရ သန့်ရှင်းရေးနှင့် ရေမြောင်းရှင်းလင်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ပြည်သူ့ငွေစာရင်းကော်မတီအဖွဲ့ဝင်) ဦးကိုကိုသင်းက မေ ၈ ရက် နံနက် ၈ နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် လွှတ်တော်ကိုယ်စားလှယ်ရုံးတာဝန်ခံ ဦးဗိုလ်စောနှင့် ရုံးဝန်ထမ်း ဦးမျိုးသွင်တို့လည်း လိုက်ပါဆောင်ရွက်ခဲ့ကြသည်။
ကမာရွတ်မြို့နယ် အမှတ် (၁) ရပ်ကွက် ဗဟိုလမ်းနှင့် ပတ္တမြားလမ်းကြားရှိ နောက်ဖေးလမ်းကြားတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ အမှိုက်များ ဆယ်ယူရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများ ဖော်ယူရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါ နောက်ဖေးလမ်းကြားနှင့် ရေမြောင်းရှင်းလင်းရေးလုပ်ငန်းများကို မြို့နယ်ရုံး၊ လမ်းတံတား၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရေစီးရေလာနှင့် ပန်းဥယျာဉ်ဌာနများမှ ဝန်ထမ်း စုစုပေါင်း ၃၂ ဦးဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွက်ရှိလာသော အမှိုက်များကိုလည်း ပတ်ဝန်းကျင်သန့်ရှင်းရေးဌာနမှ HOPPER ယာဉ်ဖြင့် တစ်ကြိမ်နှင့် ရေစီးရေလာဌာနမှ JAC ယာဉ်ဖြင့် တစ်ကြိမ် တင်ဆောင်သိမ်းဆည်းခဲ့ကြသည်။သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာနေရာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုသင်းနှင့် ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့က လာရောက်ကြည့်ရှု့ခဲ့ကြသည်။
ထို့အပြင် ကမာရွတ်ချောင်း ရေစီးရေလာကောင်းမွန်စေရန်အတွက် ဘရင့်နောင်လမ်းမပေါ်မှ ကမာရွတ်ချောင်း၏ ရေစီးဆင်းနေမှုအခြေအနေကိုလည်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။