(ပြည်တွင်း) မေ ၉

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် မေ ၈ ရက် နံနက်ပိုင်းအချိန်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပါတီဝင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြို့တွင်း ပြည်လမ်းတစ်လျှောက် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က လာရောက်ကြည့်ရှုအားပေးခဲ့ပြီး နံနက် ၉ နာရီအချိန်တွင် စိုက်ပျိုးမွေးမြူရေးအထူးဇုန် (ဧက ၂၀၀၀) ရှင်းလင်းဆောင်၌ လုပ်ငန်းရှင် ၄၉ ဦးမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ဒေသခံပြည်သူများ၏ တင်ပြချက်များအရ တောဆင်ရိုင်းများ၏ အန္တရာယ်နှင့် မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်များ စိုက်ခင်းများအတွင်း ဝင်ရောက်ဖျက်ဆီးနေမှုများကို ကာကွယ်ထိန်းချုပ်ပေးရန် တင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး နေ့လယ် ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုက်ကြီးမြို့နယ်ဦးစီးမှူးဌာနမှ ရက် (၁၀၀) စီမံချက်အရ ဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းထုတ်ပေးခြင်းအခမ်းအနားကို တိုက်ကြီးမြို့ ရှမ်းစုရပ်ကွက်ရှိ ရှမ်းကျောင်းကြီး ဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ်နှင့်အဖွဲ့နှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။