
(ပြည်တွင်း) မေ ၉
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စက်မှုဇုံပတ်လမ်း ပျက်စီးနေမှုများကို ပြုပြင်နိုင်စေရန်နှင့် မိုးရာသီကာလတွင် ရေမြောင်းပိတ်ဆို့မှုကြောင့် ရေနစ်မြုပ်မှုများ မဖြစ်ပေါ်စေရန်အတွက် ပြည်သူလူထု၏ တင်ပြချက်များအပေါ် အခြေခံကာ သက်ဆိုင်ရာတာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စက်မှုဇုံပတ်လမ်းသည် ကုန်းလမ်းပို့ဆောင်မှုညွှန်ကြားရေးဦးစီးဌာနရှေ့မှ စတင်၍ ပင်လုံလမ်းထိပ်အထိ ပျက်စီးနေသည့်အခြေအနေများကို တွေ့ရှိရပြီး ပြန်လည်ပြုပြင်ရန် လိုအပ်နေကြောင်း သိရသည်။
ထို့အပြင် ရေမြောင်းများ ပိတ်ဆို့နေမှုကြောင့် မိုးရာသီကာလတွင် လမ်းပေါ်သို့ ရေတက်ရောက်ကာ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်နိုင်သည့် အခြေအနေများကိုလည်း စစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စမ်းစမ်းဌေး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါဝင်၍ လိုအပ်သည့် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် မြို့နယ်ပါတီအတွင်းရေးမှူး ဦးမြင့်အောင်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။