မန္တလေးတွင် လက်လုပ်သေနတ်နှင့် လက်နက်ပစ္စည်းများနှင့်အတူ လူ ၂ ဦး ဖမ်းဆီးရမိ

(မှုခင်း) မေ ၇

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်တွင် မေ ၇ ရက် ညနေ ၅ နာရီခန့်တွင် လှည့်ပတ်ကင်းဆောင်ရွက်နေစဉ် လက်နက်ပစ္စည်းများနှင့်အတူ လူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သတင်းအရ လုံခြုံရေအဖွဲ့ဝင်များသည် လှည့်ကင်းဆောင်ရွက်နေစဉ် ပြည်ကြီးတံခွန်မြို့နယ် ၁၃၄ လမ်းနှင့် ၆၅(ဘီ) လမ်းဆုံအရောက်တွင် မသင်္ကာဖွယ် မူးယစ်ရမ်းကားနေသော လူ ၂ ဦးကို တွေ့ရှိခဲ့သည်။

ထိုသို့ တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ ရန်မင်းအောင် (ခ) ဖိုးသား အသက် ၂၇ နှစ်နှင့် ညီညီဇော် (ခ) စောက်ချောကြီး အသက် ၂၅ နှစ်တို့ကို ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့ထံမှ လက်လုပ်သေနတ် (တို) ၁ လက်၊ ၉ မီလီမီတာ ကျည် ၅ တောင့်၊ ဓားရှည် ၁ ချောင်းနှင့် CZI အမျိုးအစား ဆိုင်ကယ် ၁ စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ပြည်ကြီးတံခွန်မြို့နယ် (ဇ) ရပ်ကွက်အတွင်း နေထိုင်သူများဖြစ်ပြီး ရန်မင်းအောင်မှာ ကားဝပ်ရှော့လုပ်ကိုင်သူဖြစ်ကာ ညီညီဇော်မှာ မုန့်ဆရာအလုပ် လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ဆက်လက်စစ်ဆေးလျက်ရှိပြီး ဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

#PAN