ယူကေရွေးကောက်ပွဲ လေဘာပါတီ အကြီးအကျယ် ရှုံးနိမ့်ပြီး ဝန်ကြီးချုပ် စတာမာ၏ ရာထူးအနာဂတ် မရေမရာဖြစ်လာ

(နိုင်ငံတကာ)မေ ၈

    ​​ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) နှင့် အာဏာရ လေဘာပါတီ (Labour Party) တို့သည် ဒေသန္တရ ရွေးကောက်ပွဲများတွင် အစောပိုင်းရလဒ်များအရ အကြီးအကျယ် ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်နေရသည်။ ယင်းသည် ၎င်း၏အစိုးရအပေါ် လူထု၏ ပြင်းထန်သော မကျေ နပ်မှုကို ပြသနေပြီး အထွေထွေ ရွေးကောက်ပွဲတွင် အပြတ် အသတ် အနိုင်ရရှိခဲ့ပြီး ၂ နှစ်အကြာမှာပင် ၎င်း၏ အနာဂတ်အပေါ် သံသယများ မြင့်တက်လာစေသည်။

​     လက်ရှိအချိန်အထိ မဲရေတွက်မှုများအရ နိုင်ဂျယ် ဖာရေ့ဂ်ျ ဦးဆောင်သည့် လူဝင်မှုကြီးကြပ်ရေး ဆန့် ကျင်ရေး “Reform UK” ပါတီသည် လေဘာပါတီ၏ “Red Wall” ဟုခေါ်သော အင်္ဂလန်မြောက်ပိုင်းနှင့် အလယ်ပိုင်း နှလုံးသားနယ်မြေများကို သိမ်းပိုက်နိုင်ခဲ့သည်။ လေဘာပါတီသည် ကောင်စီအမတ်နေရာ ၂၅၀ ကျော် ဆုံးရှုံးခဲ့ပြီး Reform UK ကမူ အမတ်နေရာ ၄၀၀ နီးပါးအထိ သိမ်းပိုက်ကာ ဗြိတိန်နိုင်ငံရေး၏ သမိုင်း ဝင်အပြောင်းအလဲကို ဖန်တီးလိုက်သည်။

     ဂရင်းနစ်စံတော်ချိန် နံနက် ၈ နာရီအထိ ကောင်စီ ၄၅ ခု၏ ရလဒ်များ ထုတ်ပြန်ပြီးချိန်တွင် လေဘာပါတီသည် အမတ်နေရာ ၂၅၈ နေရာ ဆုံးရှုံးခဲ့ပြီး ၂၅၃ နေရာသာ ကျန်ရှိတော့သည်။ အစဉ်အလာအရ လေဘာပါတီ အားကောင်းသည့် အင်္ဂလန်မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသ (Red Wall) များဖြစ်သော Wigan၊ Bolton နှင့် Salford တို့တွင် Reform UK က အကြီး အကျယ် ထိုးဖောက်နိုင်ခဲ့သည်။

​     ၂၀၂၄ ခုနှစ်တွင် အပြတ်အသတ် အနိုင်ရရှိခဲ့သော် လည်း စတာမာ၏ သက်တမ်း ၂ နှစ်အတွင်း မူဝါဒအပြောင်းအလဲများခြင်းနှင့် အမေရိကန်သံအမတ်အဖြစ် ပီတာ မန်ဒယ်လ်ဆန်ကို ခန့်အပ်ခဲ့သည့် အရှုပ်တော်ပုံများကြောင့် လူထုထောက်ခံမှု ကျဆင်းခဲ့ရသည်။ အကယ်၍ စကော့တလန်နှင့် ဝေးလ်တို့တွင်လည်း ရလဒ်များ ဆက်လက်ဆိုးရွားနေပါက စတာမာအနေဖြင့် ရာထူးမှ နုတ်ထွက်ရမည့် အချိန်ဇယားကို သတ်မှတ်ပေးရန် ပါတီတွင်း လွှတ် တော်အမတ်များက ဖိအားပေးလာဖွယ် ရှိနေသည်။

​     လေဘာပါတီနှင့် ကွန်ဆာဗေးတစ်ပါတီကြီးနှစ်ခုစလုံး အားနည်းနေချိန်တွင် ဂရင်းပါတီ(Green Party) နှင့် လစ်ဘရယ်ဒီမိုကရက်ပါတီတို့ကလည်း အမတ်နေရာများ ထပ်မံရရှိခဲ့ကြသည်။ ​လေဘာပါတီ ရုန်း ကန်နေရချိန်တွင် ဇက်ခ် ပိုလန်စကီး (Zack Polanski) ဦးဆောင်သော ဂရင်းပါတီ (Green Party) မှာမူ လူကြိုက်များမှု မြင့်တက်လာသည်။ ပိုလန်စကီးသည် ချမ်းသာသူများအပေါ် အခွန်တိုးမြှင့်ရန်၊ အိမ်ငှားခ ထိန်းချုပ်ရန်နှင့် အစ္စရေးအပေါ် ယူကေ၏ ထောက်ခံမှုကို ရုပ်သိမ်းရန် တောင်းဆိုထားပြီး၊ စတာမာ၏ လေဘာပါတီအတွက် တိုးတက်သော အစားထိုးစရာ လမ်း စတစ်ခုအဖြစ် ၎င်းကိုယ်သူ ပုံဖော်ထားသည်။ သို့သော် ပိုလန်စကီးကိုယ်တိုင်လည်း ၎င်း၏ပါတီအတွင်း ဂျူးဆန့်ကျင်ရေး အယူအဆဆိုင်ရာ စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသည်။ စကော့တလန်နှင့် ဝေးလ်အပါ အဝင် ရွေးကောက်ပွဲရလဒ်အများစုကို သောကြာနေ့ ညနေပိုင်းတွင် ထုတ်ပြန် ကြေညာရန် ရှိသည်။

     အင်္ဂလန်ရှိ ဒေသန္တရကောင်စီ ၁၃၆ ခုမှ အမတ်နေရာ ၅,၀၀၀ ခန့်အပြင် စကော့တလန်နှင့် ဝေးလ်လွှတ်တော်များအတွက် ကျင်းပသည့် ဤရွေးကောက် ပွဲများသည် ၂၀၂၉ ခုနှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲမတိုင်မီ ယူကေလူထု၏ သဘောထားကို တိုင်းတာသည့် အရေးအကြီးဆုံး စစ်ဆေးမှုတစ်ခု ဖြစ်သည်။

​#UKElection #KeirStarmer #LabourParty #ReformUK #NigelFarage #BritishPolitics #BreakingNews #PositiveAngleNews #GreenParty #GlobalNews

Telegram»…
https://t.me/positiveanglenews

#PAN