(စိုက်ပျိုးရေး) နိုဝင်ဘာ ၂
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုနှစ် မိုးစပါးနှင့် မိုးသီးနှံများအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဓာတ်မြေဩဇာ ဖြန့်ဖြူးမှု၊ သုံးစွဲမှုအခြေအနေများကို သုံးသပ်ရန်၊ ဆောင်းသီးနှံနှင့် နွေစပါးစိုက်ပျိုးချိန်မီ ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးနိုင်ရေး ကြိုတင်ပြင်ဆင်ရန်နှင့် ရည်ညွှန်းဈေးနှုန်း သတ်မှတ်နိုင်ရန် ရည်ရွယ်၍ အစည်းအဝေးခေါ်ယူခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များထံမှ ဆောင်းသီးနှံနှင့် နွေစပါးစိုက်ပျိုးရေးအတွက် လိုအပ်မည့် ဓာတ်မြေဩဇာပမာဏများကို တောင်းခံထားပြီး အသင်းအနေဖြင့် အချိန်မီတင်သွင်းဖြန့်ဖြူးနိုင်ရေး ကြိုတင်ပြင်ဆင်ကာ လုပ်ငန်းအစီအမံများ တင်ပြရန် လိုအပ်ကြောင်း၊ ယခုနှစ် မိုးစပါးနှင့် မိုးသီးနှံများတွင် ဓာတ်မြေဩဇာသုံးစွဲမှုဆိုင်ရာ စာရင်းဇယားများ မှန်ကန်မှုရှိစေရေး စိစစ်ဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီများအနေဖြင့် ဓာတ်မြေဩဇာ ဖြန့်ဖြူးမှုနှင့် အမှန်တကယ်သုံးစွဲမှုအခြေအနေများကို စောင့်ကြည့်စစ်ဆေးရန်၊ လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်နှင့် တရားမဝင်တင်သွင်းမှုများ မရှိစေရေး ကြီးကြပ်ရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းခဲ့သည်။
ထို့အပြင် ဓာတ်မြေဩဇာများ၏ အရည်အသွေးနှင့် အလေးချိန်မှန်ကန်မှုရှိစေရေး၊ သတ်မှတ်ရောင်းဈေးထက် ပိုမိုရောင်းချခြင်းနှင့် သိုလှောင်၍ ဈေးကစားခြင်းများ မရှိစေရေးတို့ကို စစ်ဆေးကြပ်မတ်ရန်၊ မြို့နယ်အလိုက် အရောင်းဆိုင်စာရင်းနှင့် လက်ကျန်စာရင်းများကို စိစစ်ပြီး လစဉ်အစီရင်ခံစာများတွင် ထည့်သွင်းတင်ပြရန်လည်း မှာကြားခဲ့သည်။

Telegram – t.me/positiveanglenews
#PAN