စက်သုံးဆီဈေး မြင့်တက်ဆက်လက်ကျဆင်း

(စီးပွားရေး) မေ ၈

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ စက်သုံးဆီ ရည်ညွှန်းလက်လီဈေးနှုန်းများ ဆက်တိုက်ကျဆင်းလာလျက်ရှိကြောင်း သိရသည်။

ယခုအပတ်အတွက် ရည်ညွှန်းလက်လီဈေးနှုန်းများအနေဖြင့် 92 တစ်လီတာ (ရန်ကုန်) ၄၅၀၀ ကျပ်၊ 95 ၄၆၅၀ကျပ်၊ HSD (500 ppm) တစ်လီတာ ၅၀၅၀ ကျပ်၊ နေပြည်တော်၌ 92 တစ်လီတာ ၄၆၃၀၊ 95 ၄၇၇၅ ကျပ်၊ HSD (500 ppm)တစ်လီတာ ၅၁၇၀ ကျပ်ဖြစ်ကြောင်း သိရသည်။

“၃ လပိုင်းအစမှာ 92 တစ်လီတာ ရန်ကုန်ဈေး ၂၅၀၀ လောက်ပဲရှိခဲ့တာ အဲဒီနောက်ပိုင်း ဆီဈေးနှုန်းတွေဟာတဆတဆနဲ့ မြင့်တက်လာတာ ဧပြီ ၂၄ ရက်မှ ၂၉ ရက်ထိ ရန်ကုန်မှာ 92 တစ်လီတာ ၄၆၆၈ ကျပ်လောက်အထိ မြင့်လာတယ်။

ဆီဈေးတက်လာတော့ ယာဉ်စီးခတွေလည်းလိုက်တက်ရတာပေါ့၊ ပြန်ကျလာရင်တော့ ပြန်ချပေးမှာပါ” လို့ ရန်ကုန်က တက္ကဆီယာဉ်မောင်းတစ်ဦးကပြောပါတယ်။

ပြီးခဲ့သည့်အပတ် မေ ၁ ရက်မှ မေ ၇ ရက်အထိ ရည်ညွှန်းလက်လီဈေးနှုန်းများအနေဖြင့် ရန်ကုန်၌ 92 တစ်လီတာ ၄၅၁၅ ကျပ်၊ 95 တစ်လီတာ ၄၆၇၀ ကျပ်၊ HSD (500 ppm) တစ်လီတာ ၅၂၇၅ ကျပ်၊ နေပြည်တော်၌ 92 တစ်လီတာ ၄၆၄၀ ကျပ်၊ 95 တစ်လီတာ ၄၈၀၀ ကျပ်၊ HSD (500 ppm) တစ်လီတာ ၅၃၉၅ ကျပ်ဖြစ်ကြောင်း သိရသည်။