
(နိုင်ငံတကာ)မေ ၈
အင်ဒိုနီးရှားနိုင်ငံ၊ ဟယ်လ်မာဟီရာ (Halmahera) ကျွန်းရှိ ဒူကိုနို (Dukono) မီးတောင် ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီးနောက် ပျောက်ဆုံးနေသည့် တောင်တက် သမား ၂၀ အား အာဏာပိုင်များက ရှာ ဖွေလျက်ရှိသည်။
အင်ဒိုနီးရှား မီးတောင်နှင့် ဘူမိဗေဒဘေးအန္တရာယ် လျှော့ချရေးဗဟိုဌာန၏ ထုတ်ပြန်ချက်အရ လှုပ်ရှားနေဆဲဖြစ်သော ဒူကိုနိုမီးတောင်သည် ဒေသစံတော်ချိန် သောကြာ နေ့ နံနက် ၇ နာရီ ၄၁ မိနစ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး၊ ကောင်းကင်ယံသို့ ၁၀ ကီလိုမီတာ (၆.၂၁ မိုင်) အမြင့်အထိ မီးတောင်ပြာများ မှုတ်ထုတ်ခဲ့ကာ ပြင်းထန်သော ပေါက်ကွဲသံကြီးများလည်း ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုအတွင်း ပိတ်မိနေသည့် တောင်တက် သမား ၂၀ အား ရှာဖွေရန် ရဲတပ်ဖွဲ့ဝင်များအပါအဝင် ကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ထားကြောင်း တာဝန်ရှိသူတစ်ဦးဖြစ်သူ ရမ်ဒါနီက ပြောကြားသည်။ ပျောက်ဆုံးနေသူများအနက် ၉ ဦးမှာ စင်ကာပူနိုင်ငံ သားများ ဖြစ်ကြသည်။ နိုင်ငံခြားသား ၂ ဦးအပါအဝင် တောင်တက်သမား ၃ ဦး သေဆုံးခဲ့ကြောင်း မြောက်ဟယ်လ်မာဟီရာ ရဲချုပ် အာလစ်ဆန် ပါဆာရီဘူက Kompas TV သို့ ပြောကြားခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြသည်။
အဆိုပါဒေသအား မီးတောင်လှုပ်ရှားမှု မြင့်တက်လာကြောင်း သိပ္ပံပညာရှင်များ သတိပြုမိပြီးနောက် ဧပြီလ ၁၇ ရက်နေ့ကတည်းက လာရောက်လည်ပတ်သူများကို ပိတ်ပင်ထားခြင်း ဖြစ်သည်။ အာဏာပိုင်များက ဒေသခံများနှင့် ခရီးသွားများအနေဖြင့် မီး တောင်လှုပ်ရှားမှု၏ ဗဟိုချက်ဖြစ်သော မာလူပန် ဝါရီရန် (Malupang Warirang) မီးတောင်ဝမှ ၄ ကီလိုမီတာ (၂.၄ မိုင်) အကွာအထိ ရှောင် ကြဉ်ကြရန် ညွှန်ကြားထားသည်။
မီးတောင်ပြာများသည် မြောက်ဘက်သို့ ဦးတည်လွင့်ပါးနေသဖြင့် တိုဘီလို (Tobelo) မြို့ရှိ ဒေသခံများအနေဖြင့် “မီးတောင်ပြာမိုး”ဒဏ်ကို ခံစားရနိုင်ကြောင်း အစိုးရမီးတောင်အေဂျင်စီက သတိပေးချက် ထုတ်ပြန်ထားသည်။ ထို့ပြင် မီးတောင်အတွင်းမှ ကျောက်တုံးများ လွင့်စင်ထွက်လာနိုင်သည့် ဘေးအန္တရာယ်နှင့် ချော်ရည်စီးဆင်းမှု ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကိုလည်း သတိပေးထားသည်။
ဒူကိုနိုမီးတောင်သည် အလွန်လှုပ်ရှားနေသော မီး တောင်တစ်ခုဖြစ်ပြီး မတ်လကတည်းက ပေါက်ကွဲမှုအကြိမ်ရေ ၂၀၀ နီးပါး ဖြစ်ပွားခဲ့ပြီးဖြစ်သည်။
#Indonesia #DukonoVolcano #Eruption #NaturalDisaster #SearchAndRescue #BreakingNews #PositiveAngleNews #VolcanicAsh #SafetyFirst
Telegram»…
https://t.me/positiveanglenews
#PAN