မြစ်ဆုံ-မြစ်ညာ ရေအားလျှပ်စစ်စီမံကိန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေး

(စွမ်းအင် / ဒေသဖွံ့ဖြိုးရေး) မေ ၇

ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများအား အသိပေးရှင်းလင်းဆွေးနွေးပွဲကို ပြည်နယ်မိုးလုံလေလုံအားကစားခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လျှပ်စစ်စွမ်းအင်သည် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် အရေးကြီးကဏ္ဍဖြစ်ကြောင်းနှင့် အနာဂတ်မျိုးဆက်သစ်များအတွက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များနှင့် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးတို့က ရေအားလျှပ်စစ်စီမံကိန်းများ၏ နည်းပညာဆိုင်ရာအချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာတွေ့ရှိချက်များနှင့် ကမ္ဘာတစ်ဝှမ်းရှိ ဆည်ကြီးများ၏ အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

တက်ရောက်လာသူများက သိလိုသည့်အချက်များကို မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။