မဏ္ဍိုင် (၃) ရပ် ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

(ပြည်တွင်း) မေ ၇

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းသည် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအား မေလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကုယ်စားလှယ်များ တိုင်းဒေသကြီးဝန်ကြီးများလည်း တက်ရောက်ခဲ့ကြသည်။

ဦးစွာ “နိုင်ငံရေးအခင်းအကျင်းအသစ်နှင့် ထွန်းလင်းတောက်ပလာမည့် မြန်မာ့အနာဂတ်” ဟူသည့် Video Clip ကို ပြသခဲ့ပြီးနောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ရှင်းလင်းတင်ပြခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များကလည်း အကြောင်းအရာအမျိုးမျိုးကို ဆွေးနွေးတင်ပြခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက ငံရေးအခင်း အကျင်းသစ်နှင့် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်နေချိန် အတွင်း အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်၊ မဏ္ဍိုင်ကြီး (၃) ရပ် ညှိနှိင်းပေါင်းစပ်ဆောင်ရွက်ပြီး နိုင်ငံတော်၊ လွှတ်တော်များနှင့် ပြည်သူလူထုပူးပေါင်း၍ နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

ထို့ပြင် လက်ရှိ ယခုဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများ၏ အားသာချက်နှင့် အားနည်းချက်များကို ဖော်ထုတ်ပြီး နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်စေရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ မဲဆန္ဒရှင်ပြည်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်သွားရေး ကြိုးပမ်းဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။

အခမ်းအနားအပြီးတွင် ဒုတိယဥက္ကဋ္ဌသည် လွှတ်တော်အစည်းအဝေးခန်းမကို လှည့်လည်ကြည့်ရှု၍ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။