
(ပြည်တွင်း) မေ ၇
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး H.E. Mr. Tariq Karim နှင့် ကိုယ်စားလှယ်အဖွဲ့အား မေလ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံမှုအတွင်း မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားကဏ္ဍမြှင့်တင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထိုတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံရုံးမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။