အမေရိကန်ရေတပ်တွင် လေယာဉ်တင်သင်္ဘော လုံ လောက်မှုမရှိသည့် ပြဿနာနှင့် ရင်ဆိုင်နေရပြီလား

(နိုင်ငံတကာသတင်းဆောင်းပါး)မတ် ၅

     နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ရေတပ်၏ လေယာဉ်တင်သင်္ဘော သုံးစင်းသည် အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM)၏ တာဝန်ယူမှုနယ်မြေအတွင်း စုပြုံလှုပ်ရှားနေခဲ့ကြသည်။ ၂၀၀၃ ခုနှစ် အီရတ်ကျူး ကျော် စစ်နောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသတွင် အကြီးမားဆုံးသော စစ်အင်အားဖြည့်တင်းမှုအဖြစ် ယခုလေယာဉ် တင်သင်္ဘောများကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အနက် USS Abraham Lincoln (CVN-72) နှင့် USS Gerald R. Ford (CVN-78) တို့ သည် အီရန်အပေါ် ဦးတည်သည့် (ယခု ခေတ္တရပ်နားထားသော) Operation Epic Fury စစ်ဆင်ရေးကို အထောက်အကူပြုခဲ့ကြသည်။

     ပြီးခဲ့သည့်လတွင် USS George H.W. Bush (CVN-77) သည်လည်း အာဖရိကတိုက်ကို ပတ်၍ CENTCOM နယ်မြေသို့ ရောက်ရှိလာကာ အဆိုပါသင်္ဘောနှစ်စင်းနှင့် ပူးပေါင်းခဲ့သည်။ ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့ကို ဆက်သွယ်ထားသည့် ဗျူဟာမြောက် ရေလမ်းကျဉ်းဖြစ်သော Bab el-Mandeb ရေလက်ကြားတွင် တိုက်ခိုက်ခံရနိုင်ခြေကို ရှောင်ရှားရန်အတွက် အာဖရိကကို ပတ်၍ မောင်းနှင်လာခဲ့ခြင်း ဖြစ်နိုင်သည်။

     သို့သော် လေယာဉ်တင်သင်္ဘော သုံးစင်းစလုံး ထိုဒေသတွင် ဆက်ရှိနေရန်မှာ မဖြစ်နိုင်သလောက် ရှိနေသည်။ USS Gerald R. Ford သည် ဗီယက်နမ်စစ်ပွဲနောက်ပိုင်း အမေရိကန်ရေတပ်၏ သက်တမ်းအရှည်ကြာဆုံး တာဝန်ထမ်းဆောင်မှုအဖြစ် စံချိန်တင်ပြီးနောက် ၎င်း၏ အခြေစိုက်စခန်းဖြစ်သော Norfolk ရေတပ်စခန်းသို့ ပြန်လည်ထွက်ခွာတော့မည်ဖြစ် ကြောင်း ယခုသီတင်းပတ်အတွင်း သတင်းထွက်ပေါ် လာသည်။ မေလ ၁ ရက်နေ့အထိ စာရင်းများအရ CVN-78 သည် ပင်လယ်ပြင်တွင် တာဝန်ထမ်းဆောင်နေသည်မှာ ၃၁၁ ရက် ရှိပြီဖြစ်ပြီး Norfolk သို့ ရောက်ရှိချိန်တွင် ၁၉၇၂-၇၃ ကာလအတွင်း USS Midway (CVA-41) တင်ထားခဲ့သော ၃၃၂ ရက် စံချိန်ကို ကျော်ဖြတ်သွားဖွယ် ရှိနေသည်။

     လက်ရှိအခြေအနေအရ အဆိုပါဒေသသို့ အစားထိုးစေလွှတ်ရန် အမေရိကန်တွင် အခြားလေယာဉ်တင် သင်္ဘော မရှိသလောက် ဖြစ်နေသည်။ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Theodore Roosevelt (CVN-71) သည် ယခုနှစ်နှောင်းပိုင်းတွင် တာဝန်ထမ်းဆောင်ရန် ပြင်ဆင်နေသော်လည်း အရှေ့အလယ်ပိုင်းသို့ ရောက်ရှိရန် လပေါင်းများစွာ ကြာမြင့်ဦးမည်ဖြစ်သည်။ ထို့ပြင် နိုဝင်ဘာလကတည်းက ပင်လယ်ပြင်ထွက်နေသည့် CVN-72 မှာလည်း မည်မျှအထိ ဆက်လက် တာဝန်ထမ်းဆောင်နိုင်မည်ကို မရေမရာ ဖြစ်နေသည်။ အကယ်၍ CVN-71 ကို စေလွှတ်ဖြစ်လျှင်ပင် USS Abraham Lincoln ကို အစားထိုးရန်သာ ဖြစ်ပေလိမ့်မည်။

     အရှေ့အလယ်ပိုင်းရှိ Operation Epic Fury စစ်ဆင် ရေးကို အထောက်အကူပြုရန် လေယာဉ်တင် သင်္ဘောများကို အလှည့်ကျ စေလွှတ်နေရခြင်းကြောင့် အမေရိကန်ရေတပ်သည် ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ပိုင်းတွင် လေယာဉ်တင်သင်္ဘော အင်အားကို မထိန်းထားနိုင်ဘဲ ဖြစ်နေသည်။ တစ်ဖက်တွင်မူ တရုတ်နိုင်ငံသည် လေယာဉ်တင်သင်္ဘော သုံးစင်းကို အသုံးပြုနေပြီဖြစ်သလို စတုတ္ထမြောက်သင်္ဘောကိုလည်း တည် ဆောက်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

အမေရိကန်လေယာဉ်တင်သင်္ဘော လုံလောက်မှုမရှိခြင်း

    ဒုတိယကမ္ဘာစစ်အပြီးတွင် အမေရိကန်ရေတပ်၌ လေယာဉ်တင်သင်္ဘောပေါင်း ၁၀၀ ကျော်အထိ ရှိခဲ့သည်။ စစ်ပွဲပြီးဆုံးချိန်တွင် အများစုကို တာဝန်မှရပ်စဲခဲ့သော်လည်း ၁၉၅၀ ပြည့်လွန်နှစ်များအတွင်း ၄၀ ခန့် ဆက်လက်အသုံးပြုခဲ့ပြီး ကိုရီးယားစစ်ပွဲတွင် ၁၈ စင်းခန့် ပါဝင်ခဲ့သည်။

     ၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များတွင် အမေရိကန် သည် စောင့်ကြပ်ရေးလေယာဉ်တင်သင်္ဘောငယ်များမှသည် “စူပါကယ်ရီယာ (Supercarrier)” ဟုခေါ်သော အလွန်ကြီးမားသည့် သင်္ဘောကြီးများကို ပြောင်းလဲအသုံးပြုလာခဲ့သည်။ ရလဒ်အနေဖြင့် ယနေ့ခေတ်တွင် အမေရိကန်ရေတပ်၌ ၁၉၄၅ ခုနှစ်ကရှိခဲ့သော အရေ အတွက်၏ ဆယ်ပုံတစ်ပုံခန့်သာရှိတော့ပြီး နျူကလီး ယားစွမ်းအင်သုံး စူပါကယ်ရီယာ ၁၁ စင်းသာ ကျန်ရှိပါတော့သည်။

     သို့သော် ၁၉၉၀ ပြည့်လွန်နှစ်များနှင့် ၂၀၀၀ ပြည့်လွန်နှစ်များ အစောပိုင်းအထိ အမေရိကန်တွင် သမရိုးကျစွမ်းအင်သုံးနှင့် နျူကလီးယားစွမ်းအင်သုံး လေ ယာဉ်တင်သင်္ဘော စုစုပေါင်း ၁၂ စင်းမှ ၁၅ စင်းအထိ ရှိခဲ့သေးသည်။ ၂၀၀၃ ခုနှစ်၊ မတ်လအတွင်းက ဖြစ် ပွားခဲ့သော “Operation Iraqi Freedom” စစ်ဆင်ရေး ၏ ကနဦးတိုက်ခိုက်မှု (Shock and Awe) အဆင့်တွင် လေယာဉ်တင်သင်္ဘော ၅ စင်း တိုက်ရိုက်ပါဝင်ခဲ့သည်။ နောက်ပိုင်းတွင် ၆ စင်းမြောက်သင်္ဘော ထပ်မံရောက်ရှိလာခဲ့ပြီး အမေရိကန်က အီရတ်ကို အဓိကအာရုံစိုက်နေချိန်မှာပင် ၇ စင်းမြောက်သင်္ဘောက ပစိဖိတ်သမုဒ္ဒရာအတွင်း ဟန့်တားမှုများပြုလုပ်ရန် ကျန်ရှိနေခဲ့သည်။

     ယနေ့ခေတ်တွင်မူ အခြေအနေမှာ လုံးဝကွာခြားသွားပြီဖြစ်သည်။
​      “ဒီစစ်ပွဲက ပုံသေအခြေစိုက်စခန်းတွေထက်စာရင် လှုပ်ရှားသွားလာနိုင်ပြီး ကိုယ်ပိုင်ကာကွယ်ရေးစနစ်တွေပါတဲ့ လေယာဉ်တင်သင်္ဘောတွေရဲ့ တန်ဖိုးကို ပိုပြီးပေါ် လွင်စေပါတယ်” ဟု ကင်တပ်ကီတက္ကသိုလ်၊ Patterson သံတမန်ရေးနှင့် နိုင်ငံတကာကုန်သွယ်မှုကျောင်းမှ အကြီးတန်းကထိက၊ ရေတပ်သမိုင်းပညာ ရှင် ဒေါက်တာ ရောဘတ် ဖာလေ (Dr. Robert Farley) က ရှင်းပြသည်။

     “ပုံသေအခြေစိုက်စခန်းတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်တာက သင်္ချာပုစ္ဆာတွက်သလိုမျိုး တွက်ချက်ရုံနဲ့ လုပ်လို့ရပေမဲ့ လေယာဉ်တင်သင်္ဘောတွေရဲ့ ရွှေ့လျားနိုင်စွမ်းကတော့ ကြီးမားတဲ့ အားသာချက်တစ်ခုပဲ ဖြစ်ပါတယ်” ဟု ဖာလေက အီးမေးလ်မှတစ် ဆင့် ရေးသားခဲ့သည်။

သင်္ဘောများ ပိုမိုတည်ဆောက်ခြင်းက ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်

     အမေရိကန်ရေတပ်၏ အခက်အခဲများအတွက် အဖြေမှာ လေယာဉ်တင်သင်္ဘောများ ပိုမိုတည်ဆောက်ရန်ဖြစ်သည်ဟု ထင်ရသော်လည်း၊ ယင်းမှာ ပြဿနာကို ဖြေရှင်းမည့်အစား ပြဿနာသစ်များကိုသာ ဖန်တီးနေခြင်းဖြစ်သည်။ ပထမအချက်အနေဖြင့် ထရန့်အစိုးရက အဆိုပြုထားသည့် ဒေါ်လာ ၁.၅ ထရီလီယံ ကာကွယ် ရေးအသုံးစရိတ်ရှိနေသော်လည်း အမေရိကန်ရေတပ်တွင် လေယာဉ်တင်သင်္ဘောများစွာ ထပ်မံတည်ဆောက်ရန် ဘတ်ဂျက်လုံလောက်မှု မရှိပေ။

     USS Gerald R. Ford ကို တည်ဆောက်ရာတွင် ကုန် ကျစရိတ်မှာ ခန့်မှန်းခြေ ဒေါ်လာ ၁၃.၃ ဘီလီယံခန့်ရှိပြီး၊ ယင်းမှာ သမိုင်းတစ်လျှောက် အကုန်အကျဆုံးသော စစ်သင်္ဘောဖြစ်သည်။ နည်းပညာသစ်များ အသုံးပြုမှုကြောင့် ဤကုန်ကျစရိတ်သည် ၂၀၀၈ ခုနှစ်က ရေတပ်မှ ကန်ထရိုက်ချုပ်ဆိုစဉ် ခန့်မှန်းထားသည့် ဒေါ်လာ ၅.၁ ဘီလီယံထက် များစွာပိုမိုမြင့်မားသွားခြင်းဖြစ်သည်။

     သုတေသနနှင့် ဖွံ့ဖြိုးရေး (R&D) စရိတ်များနှင့် အခြားသော ပရိုဂရမ်ကုန်ကျစရိတ်အားလုံးကို ထည့်တွက်မည်ဆိုပါက ဤလေယာဉ်တင်သင်္ဘော အမျိုးအစားသစ်အတွက် ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၃၇ ဘီလီယံကျော်အထိ ရှိခဲ့သည်။

     ထို့ပြင် အဆိုပါပရိုဂရမ်သည် တည်ဆောက်ရေးပိုင်း ၌ ၁၆ လနီးပါး ကြန့်ကြာခဲ့ရပြီး နောက်ပိုင်းနှစ်များတွင်လည်း ဆက်တိုက်ဆိုသလို နှောင့်နှေးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ USS Gerald R. Ford ကို သမ္မတ ဒေါ်နယ်ထရန့်၏ ပထမသက်တမ်းဖြစ်သော ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၂၂ ရက်တွင် တာဝန်ပေးအပ်ခဲ့သော်လည်း ၎င်း၏ ပထမဆုံးသော ပြည်ပတာဝန်ထမ်းဆောင်မှုမှာ ၂၀၂၃ ခုနှစ်၊ မေလအထိ စတင်နိုင်ခဲ့ခြင်း မရှိပေ။ အဆိုပါ စူပါကယ်ရီယာသင်္ဘောကြီးမှာ Lockheed Martin F-35C Lightning II တိုက်လေယာဉ်များ တင် ဆောင်နိုင်ရန်အတွက် အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် လိုအပ်နေသေးခြင်းက အခြေအနေကို ပိုမိုဆိုးရွားစေသည်။

     ယင်းအဆင့်မြှင့်တင်မှုများကို စီစဉ်ထားသည့်အဆင့်ဆင့်ပြုပြင်ထိန်းသိမ်းမှု(Planned Incremental Availability) ကာလအတွင်း လုပ် ဆောင်ရမည်ဖြစ်ပြီး၊ ယင်းကာလမှာ လေယာဉ်တင် သင်္ဘောတစ်စင်းကို ပြုပြင်ထိန်းသိမ်းမှုနှင့် ခေတ်မီအောင် အဆင့်မြှင့်တင်မှုများအတွက် သတ်မှတ်ထားသော အချိန်ဖြစ်သည်။ ထိုသို့ပြုလုပ်ရန်အတွက် လေယာဉ်တင်သင်္ဘောတစ်စင်းမှာ တစ်နှစ် သို့မဟုတ် ယင်းထက်ပို၍ တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိဘဲ ရပ်နားထားရဖွယ် ရှိနေသည်။

လေယာဉ်တင်သင်္ဘောများကို ထိန်းသိမ်းပြုပြင်ခြင်းမှာ ကုန်ကျစရိတ်ကြီးမားပြီး အချိန်ယူရ

     USS Gerald R. Ford တစ်စင်းတည်းသာ ကြာရှည်လှသော ပြုပြင်ထိန်းသိမ်းမှုကာလကို ဖြတ်သန်းရမည်မဟုတ်ပေ။ လက်ရှိတွင် USS Carl Vinson (CVN- 70) သည် ဆန်ဒီယေဂိုရှိ ၎င်း၏ အခြေစိုက်ဆိပ်ကမ်း၌ စီမံချက်အရ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေကြောင်း အမေရိကန်ရေတပ်က အတည်ပြုထားသည်။

    USS George Washington (CVN-73) မှာလည်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် တာဝန်ထမ်းဆောင်မှု ပြီးဆုံးခဲ့ပြီးနောက် ဆိပ်ကမ်းတွင် ရှိနေပြီး၊ အစောဆုံးအနေဖြင့် ယခုနှစ်ကုန် သို့မဟုတ် ၂၀၂၇ ခုနှစ် အစောပိုင်းရောက်မှသာ နောက်ထပ်တာဝန်သစ်များ ထမ်းဆောင်နိုင်မည်ဖြစ်သည်။

     အခြားသော လေယာဉ်တင်သင်္ဘော နှစ်စင်းမှာမူ ၂၀၂၆ ခုနှစ် တစ်နှစ်လုံးနီးပါး တာဝန်ထမ်းဆောင်နိုင်မည်မဟုတ်သည်မှာ သေချာသလောက် ရှိနေသည်။
​USS John C. Stennis (CVN-74) သည် ၎င်း၏ သက် တမ်းတစ်ဝက်တွင် ပြုလုပ်ရသည့် နျူကလီးယားလောင်စာ ပြန်လည်ဖြည့်တင်းခြင်းနှင့် ရှုပ်ထွေးသော အကြီးစားပြုပြင်မွမ်းမံမှု (RCOH) ကို လုပ်ဆောင်နေဆဲ ဖြစ်သည်။ CVN-74 အနေဖြင့် နောက်တစ်ကြိမ် တာဝန်မထမ်းဆောင်မီ ပင်လယ်ပြင်စမ်းသပ်မောင်းနှင်မှုများအတွက် နောက်ထပ်တစ်နှစ်ခန့် အချိန်ယူရဦးမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် USS Ronald Reagan (CVN-76) သည် ဝါရှင်တန်ပြည်နယ်၊ ဘာမင်တန် (Bremerton) ရှိ သင်္ဘောကျင်းတွင် အကြီးစားပြုပြင်ထိန်းသိမ်းမှု (PIA) များ ပြုလုပ်နေသည်။

     အခြား လေယာဉ်တင်သင်္ဘောတစ်စင်းဖြစ်သည့် USS Harry S. Truman (CVN-75) မှာလည်း RCOH ပြုလုပ်ရန် ပြင်ဆင်နေပြီး၊ အစောဆုံးအနေဖြင့် ယခုဆယ်စုနှစ်ကုန်ခါနီးမှသာ တာဝန်ပြန်လည်ထမ်းဆောင်နိုင်မည် ဖြစ်သည်။

     လေယာဉ်တင်သင်္ဘောများ ပိုမိုတည်ဆောက်ခြင်းကလည်း ဤပြဿနာကို ပြေလည်စေမည်မဟုတ်ပေ။ အကြောင်းမှာ အမေရိကန်ရေတပ်တွင် လေယာဉ်တင် သင်္ဘောများကို ထိန်းသိမ်းပြုပြင်ရန် သင်္ဘောကျင်းနှင့် အဆောက်အအုံ အရေအတွက် ကန့်သတ်ချက်ရှိနေပြီး လက်ရှိသင်္ဘောကျင်းများမှာလည်း လုပ်ငန်းဝန်ပိနေသောကြောင့်ဖြစ်သည်။ လေယာဉ်တင်သင်္ဘောများ ပိုမိုတည်ဆောက်ရန် မစဉ်းစားမီ၊ ယင်းတို့ကို တည် ဆောက်ရန်နှင့် ထိန်းသိမ်းရန်အတွက် နောက်ထပ်သင်္ဘောကျင်းများနှင့် လုပ်သားအင်အား ပိုမိုလိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် ဤပြဿနာသည် လေ ယာဉ်တင်သင်္ဘော အရေအတွက်နည်းပါးခြင်းသာမကဘဲ လေယာဉ်တင် သင်္ဘောဆိုင်ရာ စက်မှုလုပ်ငန်းအခြေခံ အဆောက်အအုံတစ်ခုလုံးနှင့် သက်ဆိုင်နေ သည်။

     “ဒီစစ်ပွဲက လေယာဉ်တင်သင်္ဘောတွေဟာ အရေးပါသလိုပဲ တစ်ဖက်မှာလည်း အချိန်အကန့်အသတ်တစ်ခုအထိပဲ တာဝန်ထမ်းဆောင်နိုင်တဲ့ အားနည်းချက်ရှိနေတာကို ပြသနေပါတယ်” ဟု ဒေါက်တာ ဖာလေက ဆိုသည်။ တာဝန်ထမ်းဆောင်သည့်ကာလ ရှည်ကြာလေလေ၊ ဆိပ်ကမ်းတွင် ပြန်လည်ပြုပြင်ထိန်းသိမ်းရသည့်ကာလမှာလည်း ထိုနည်းတူ ရှည်ကြာရမည်မှာ လေယာဉ်တင်သင်္ဘောများ၏ သဘောသဘာဝပင်ဖြစ် သည်။

      ယင်းလုပ်ငန်းစဉ်များကို မြန်ဆန်စေရန်အတွက် ကြီးမားသော ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ပြီး၊ Nimitz-class လေယာဉ်တင်သင်္ဘော USS Dwight D. Eisenhower (CVN-69) (သို့မဟုတ်) “Mighty IKE” သည် ယင်း၏ ပြုပြင်ထိန်းသိမ်းမှုများကို သတ် မှတ်ချိန်ထက်စော၍ ပြီးစီးခဲ့သည်။ ယင်းမှာ သင်္ဘော ကျင်း၊ သင်္ဘောသားများနှင့် ကန်ထရိုက်တာများအကြား အောင်မြင်သော ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်သည်။

      ရေတိုဖြေရှင်းနည်းအနေဖြင့် အသင့်ဖြစ်လာသော လေယာဉ်တင်သင်္ဘောများကို အလှည့်ကျ စေလွှတ်ရမည်ဖြစ်သော်လည်း၊ ယင်းမှာ တာဝန်ထမ်းဆောင်ရသည့်ကာလများကို ပိုမိုရှည်ကြာစေမည်ဖြစ်ရာ အခြားသော နောက်ဆက်တွဲပြဿနာများကိုသာ ဖန်တီးလာနိုင်ပေလိမ့်မည်။

(Forbes သတင်းဌာနမှ Peter SuciuThe U.S. Navy Has A Carrier Problem, It Doesn’t Have Enough In Service သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)

​​​​#USNavy #AircraftCarrier #GeraldRFord #MilitaryCrisis #ChinaNavy #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN