ပုသိမ်မြို့တွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွား၍ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာပြင်းထန်ရရှိ

(မှုခင်း) မေ ၄

၂၀၂၆ ခုနှစ် မေ ၄ ရက် ညနေ ၃ နာရီခန့်တွင် ပုသိမ်မြို့၊ ရဲကင်းအမှတ် (၁၅) အနီး ပုသိမ်–ရန်ကုန်–မုံရွာ ကားလမ်းမပေါ်၌ မော်တော်ယာဉ်တစ်စီးနှင့် ဆိုင်ကယ်တစ်စီး မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အရ ဒိုက်ထူဘက်မှ မြတ်တိုဘက်သို့ အဖြူရောင် မော်တော်ယာဉ် (ယာဉ်မောင်း အမည်မသိ စိစစ်ဆဲ) တစ်စီးနှင့် ရုပ်ထုဘက်မှ မြတ်တိုဘက်သို့ ပိုင်ဇေထက် မောင်းနှင်ပြီး သက်ဝေဖြိုး လိုက်ပါလာသည့် NEWZHIENENG 110 (အဖြူ/နက်) ဆိုင်ကယ်တို့သည် MACRO ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်ရှေ့တွင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကို တာဝန်မှူး ရဲအုပ် မျိုးမင်းမှ သွားရောက်စစ်ဆေးခဲ့ရာ ဆိုင်ကယ်မောင်းသူ ပိုင်ဇေထက်တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာနှင့် ဝဲလက်မောင်းပြတ်ထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်ရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်နောက်လိုက်ပါသူ သက်ဝေဖြိုးတွင် ဝဲခြေသလုံးကျိုး၊ ဝဲလက်ကျိုးဒဏ်ရာများ ရရှိခဲ့ပြီး ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း သိရသည်။

မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်ခဲ့သူ ယာဉ်မောင်းကို လက်ရှိတွင် စုံစမ်းရှာဖွေလျက်ရှိပြီး ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

#PAN