(ပြည်တွင်း) မေ ၆
ပြည်သူများရဲ့ အသံကို လွှတ်တော်အထိ ရောက်ရှိအောင် ဆောင်ရွက်ပေးသွားမယ်လို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ က ဒီနေ့ မုဒုံမြို့မှာပြုလုပ်တဲ့ တွေဆုံပွဲမှာ ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမမှာ ဒီနေ့ မေလ ၆ ရက်နေ့ မွန်းတည့် ၁၁ နာရီခန့်က ကျင်းပပြုလုပ်တဲ့ မွန်ပြည်နယ် လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မြို့နယ်အဆင့်ဌာနဆိုင်ရာတွေ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ တွေ့ဆုံပွဲအခမ်းအနားမှာ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေးကပြောကြားလိုက်တာဖြစ်ပြီး မအားလပ်တဲ့ကြားထဲက လာရောက်တွေ့ဆုံမှုအပေါ် များစွာကျေးဇူးတင်တယ်လို့ သူကပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ ဦးမင်းအောင်မြင့်ကလည်း လွှတ်တော်ကိုယ်စားလှယ်အားလုံးဟာ မုဒုံမြို့နယ်ကောင်းဖို့အတွက်လုပ်ဆောင်နေကြသူတွေ ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာတွေအနေနဲ့ လုပ်ငန်းကိစ္စတွေကို ညီညီညွှတ်ညွှတ်ပူးပေါင်းကာ လုပ်ဆောင်ပေးကြဖို့ လိုအပ်ကြောင်း၊ အစိုးရရဲ့ စီမံချက်ဖြစ်တဲ့ ရက် ၁၀၀ စီမံချက်ကိုလည်း မိမိတို့ဌာတွေအလိုက် အောင်မြင်အောင် ဆောင်ရွက်ပေးကြဖို့ လိုအပ်တယ်လို့ပြောပါတယ်။

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦး၀ဏ္ဏကြီး၊ အမျိုးသားလွှတ်တော် ဦးခင်မောင်ထွေး(ခ) မင်းစောနွယ်၊ ရေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်တို့က လွှတ်ေတာ်ရဲ့သဘောထားများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ အခက်အခဲများ၊ မုဒုံမြို့နယ်ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ပူးပေါင်း လုပ်ဆောင်ရေးတို့ကိုဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အဲ့ဒီနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌ ဦးပြည်သိမ်း က မြို့နယ်ဒေသဆိုင်ရာ အချက်အလက်တွေနဲ့ဌာနဆိုင်ရာ ရက်(၁၀၀) စီမံချက် ဆောင်ရွက်နေမှုများ၊ တက်ရောက်လာတဲ့ ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် မိတ်ဆက်ကာ ဌာနအလိုက် ရက် ၁၀၀ စီမံချက် အတွင်း ဆောင်ရွက်နေမှုအခြေအနေများ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဦးချင်း မိတ်ဆက်ကာ မိမိတို့ ရပ်ကွက်/ကျေးရွာများအတွင်း ဌာနဆိုင်ရာများနဲ့ ပူးပေါင်းကာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြတယ်လို့လည်း သိရပါတယ်။
ထို့နောက် မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးသက်ထွေးက နိဂုံးချုပ်အမှာစကားပြောကြားပြီး မုဒုံမြို့၊ မြို့မ(၁)ရပ်ကွက်ရှိ စာစင် အလက(ခွဲ) ကျောင်းတွင်မုဒုံမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီး ဌာနက ရက် ၁၀၀ စီမံချက်အတွင်း အသက် ၁၀ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စု လူဦးရေစာရင်းနဲ့ UID ကတ်ပြား ဆောင်ရွက်ပေးနေမှုတွေကို ကြည့်ရှုအားပေးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ပြုလုပ်တဲ့တွေ့ဆုံပွဲကို မုဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦး၀ဏ္ဏကြီး၊ မုဒုံမြို့နယ် စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးပြည်သိမ်း၊ ရေးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်၊ မုဒုံမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်ထွေး(ခ)မင်းစောနွယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဦးဌေးနိုင်နှင့်ဦးစံတင်နဲ့ မြို့နယ်အဆင့်ဌာနဆိုင်ရာတွေ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေအပါအဝင် စုစုပေါင်း ၁၀၀ ဦးခန့်တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
#PAN