အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က အီရန် ဘက်မှ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများ ရှိနေကြောင်း သတင်းထုတ်ပြန်

(နိုင်ငံတကာ)မေ ၅

    ​​အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၏ လေ ကြောင်းကာကွယ်ရေးစနစ်သည် အီရန်ဘက်မှ ပစ်ခတ်လိုက်သော ပဲ့ထိန်းဒုံးကျည်များ၊ ခရုစ်ဒုံးကျည်များနှင့် ဒရုန်းတိုက်ခိုက်မှုများကို နိုင်ငံတစ်ဝှမ်းတွင် ကြားဖြတ်ဟန့်တားခဲ့ရကြောင်း UAE ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

​     တနင်္လာနေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုများအတွင်း အီရန်ဒရုန်းတစ်စင်းကြောင့် ဖူဂျိုင်ရာ(Fujairah) စော်ဘွားနယ်မြေရှိ ရေနံသိုလှောင်ရုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ ထိန်းချုပ်နိုင်ခဲ့သော်လည်း အဆို ပါဖြစ်စဉ်အတွင်း အိန္ဒိယနိုင်ငံသား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ UAE လေကြောင်းကာကွယ်ရေးက ဒုံးကျည် ၃ စင်းကို ပစ်ချနိုင်ခဲ့ပြီး ၁ စင်းမှာ ပင်လယ်ထဲသို့ ကျရောက်သွားခဲ့သည်။

     ယခုဒရုန်းတိုက်ခိုက်မှုများသည် ဧပြီလ ၈ ရက်နေ့က ပါကစ္စတန်၏ ကြားဝင်စေ့စပ်မှုဖြင့် ဝါရှင်တန်နှင့် တီဟီရန်တို့အကြား အပစ်အခတ်ရပ်စဲခဲ့ပြီးနောက်ပိုင်း UAE တွင် ရရှိခဲ့သော ယာယီငြိမ်သက်မှုကို ပျက်ပြားသွားစေခဲ့သည်။ စစ်ပွဲကာလအတွင်း UAE သည် အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုများကို ပြင်းပြင်း ထန်ထန် ခံခဲ့ရဖူးပြီး အီရန်ဒရုန်းနှင့် ဒုံးကျည်ထောင်ပေါင်းများစွာကို ကြားဖြတ်ဖျက်ဆီးခဲ့ရသည်။

​     ဤတိုက်ခိုက်မှုများသည် ဟော်မုဇ်ရေလက်ကြားအတွင်း ပိတ်မိနေသည့် ကုန်သွယ်ရေးသင်္ဘောများကို အမေရိကန်စစ်တပ်က လမ်းပြခေါ်ဆောင်ပေးမည့် “Project Freedom” စစ်ဆင်ရေးကို သမ္မတ ဒေါ်နယ်ထရန့်က ကြေညာခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ် သည်။ အီရန်ဘက်ကမူ ၎င်းတို့အနေဖြင့် UAE ကို ပစ်မှတ်ထားရန် အစီအစဉ်မရှိကြောင်း ဆိုသော်လည်း UAE အနေဖြင့် အီရန်အပေါ် “ပညာမပါသော” လုပ်ရပ်များ လုပ်ဆောင်လာပါက UAE ၏ အကျိုးစီးပွားများမှာ တိုက်ခိုက်ခံရမည်ဟု သတိပေးထားသည်။

​     အီရန်၏ ဤလုပ်ရပ်အပေါ် ဂျော်ဒန်၊ ဘရိန်းနှင့် ဥရောပသမဂ္ဂ(EU) တို့က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြသည်။ EU ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်က ယခုတိုက်ခိုက်မှုများသည် နိုင်ငံတကာဥပဒေကို ဗြောင်ကျကျ ချိုးဖောက်ခြင်းဖြစ်ပြီး လက်ခံနိုင်စရာမရှိကြောင်း ပြောကြားခဲ့သည်။ ပါကစ္စတန်၏ ကြားဝင်စေ့စပ်မှုဖြင့် ရရှိထားသည့် အပစ်အခတ်ရပ်စဲရေးမှာလည်း ယခုတိုက်ခိုက်မှုများကြောင့် ပြိုလဲလုနီးပါး ဖြစ်နေသည်။

​#UAE #Iran #MissileAttack #Fujairah #ProjectFreedom #MiddleEastWar #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN