ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

(ပြည်တွင်း) မေ ၂

ကရင်ပြည်နယ် ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးနှင့်ဒေသဖွံဖြိုးရေးလုပ်ငန်းပေါင်းစပ်ညှိနိူင်းတွေ့ဆုံမှုများကို ယနေ့ မေ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်း၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်လွင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစယဉ်ဌေး၊ စည်ပင်သာယာရေးဝန်ကြီး ဦးစောခေါင်ပန်ထော့ နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမင်းရွှေ ယနေ့ နံနက်ပိုင်းတွင် မြို့ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နယ်မြေကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြ‌ေကြာင်း သိရသည်။

ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးနှင့်ဒေသဖွံဖြိုးရေးလုပ်ငန်းပေါင်းစပ်ညှိနိူင်းတွေ့ဆုံဆွေးနွေးခြင်း၊ မြေပြင်အခြေအနေအားလက်တွေ့ကွင်းဆင်းစစ်ဆေးကြည့်ရူခြင်း၊ ပြန်လည်ထူထောင်ရေးအတွက်နေအိမ်ခြံကွက်များရှင်းလင်းရန်နှင့်ပြန်လည်တည်ဆောက်ရန်မိဘပြည်သူများအားအသိပေးအကြောင်းကြားရန်ဆွေးနွေးခြင်း၊ဌာနဆိုင်ရာရုံးများ၊စာသင်ကျောင်းများ၊ဆေးရုံများလိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးရန်ကြည့်ရူစစ်ဆေးခြင်းများကို နေ့လယ်ပိုင်းတွင် ကော့ကရိတ်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ဒေါနခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးများ၊ တပ်မတော်အရာရှိများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်၊ ခရိုင်နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၁၂၀ ခန့် တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်မှူးကြီး စိုးမိုးဝင်း က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများမှ မြို့ပြန်လည်ထူထောင်ရေး၊ အခြေခံအဆောက်အအုံ ပြုပြင်တည်ဆောက်ရေး၊ စိုက်ပျိုးရေးနှင့် လူမှုရေးကဏ္ဍများ ဆိုင်ရာလုပ်ငန်းအစီအစဉ်များကို အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့ပြင် ဒေသခံပြည်သူများမှ လိုအပ်ချက်များနှင့် အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပြီး ဆွေးနွေးပွဲအတွင်း စိုက်ပျိုးရေးကဏ္ဍ အထောက်အကူဖြစ်စေရန် မျိုးစေ့များကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲပြီးနောက် ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် မြို့မဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆရာတော်အား ဖူးမြော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

#PAN