
(နိုင်ငံတကာသတင်းဆောင်းပါး)မတ် ၁
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်(Pete Hegseth) နှင့် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဒန် ကိန်း (Dan Caine)တို့သည် ဒုတိယမြောက်နေ့အဖြစ် အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီ၏ လူသိရှင်ကြား မေးမြန်းစစ်ဆေးမှုများကို ရင်ဆိုင်ခဲ့ရသည်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် ပိုင်း ၎င်းတို့နှစ်ဦး လွှတ်တော်၌ ပထမဆုံးအကြိမ် လူသိရှင်ကြား သက်သေထွက်ဆိုခဲ့သည့် အောက် လွှတ်တော်ကော်မတီ ကြားနာပွဲအပြီး တစ်ရက်အကြာဖြစ်သော ကြာသပတေးနေ့တွင် ယခုကြားနာပွဲ ပေါ် ပေါက်လာခြင်းဖြစ်သည်။
ဟက်ဂ်ဆက်သည် စစ်လိုလားသော လေသံများဖြင့် စစ်ပွဲကို ဝေဖန်သူများနှင့် လွှတ်တော်အမတ်များကို အပြင်းအထန် ပြစ်တင်ပြောဆိုခဲ့ပြီး၊ ၎င်းတို့သည် အမေရိကန်၏ ရန်သူများကို “တာဝန်မဲ့စွာ” ကူညီပေးနေသူများဖြစ်သည်ဟု စွပ်စွဲခဲ့သည်။
ကြားနာပွဲတွင် ၎င်းက စစ်ပွဲဘက်မှ ထပ်မံကာကွယ်ပြောဆိုခဲ့သည်။ ယမန်နေ့က ပန်တဂွန်တာဝန်ရှိသူများ ထုတ်ဖော်ပြောကြားချက်အရ ဤစစ်ပွဲအတွက် အမေရိကန်အနေဖြင့် အနည်းဆုံး ဒေါ်လာ ၂၅ ဘီလီယံ ကုန်ကျခဲ့ပြီး ဖြစ်သော်လည်း၊ တိုက်ပွဲများ ခေတ္တရပ်တန့်နေချိန်နှင့် အီရန်နှင့် ဆွေးနွေးပွဲများ ရှေ့မတိုးသာဖြစ်နေချိန်တွင် နောက်ထပ်လုပ်ဆောင်မည့် အဆင့်များကိုမူ ရှင်းရှင်းလင်းလင်း ဖြေကြားခြင်း မရှိခဲ့ပေ။
အမေရိကန်၏ လက်နက်အင်အားမှာ “အခြေအနေကောင်းမွန်သည်” ဟု ဟက်ဂ်ဆက်ဆို
စစ်ပွဲအပေါ် အဓိကဝေဖန်ချက်တစ်ခုကို ဟက်ဂ်ဆက်က ပယ်ချခဲ့ပြီး အမေရိကန်၏ ခဲယမ်းမီး ကျောက် လက်နက်အင်အားမှာ “အခြေအနေကောင်း မွန်ဆဲ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း လက်တွေ့အခြေအနေမှာ ထိုသို့မဟုတ်နိုင်ကြောင်း အစီရင်ခံစာအများအပြားတွင် ဖော်ပြနေကြသည်။ အမေရိကန်၏ လက်နက်အင်အား လျော့နည်းလာခြင်းကြောင့် အခြားဒေသများရှိ စစ်ရေးနယ်ပယ်များတွင် အမေရိကန်အတွက် အားနည်း ချက်များ ဖြစ်ပေါ်လာနိုင်ကြောင်း အချို့လွှတ်တော်အမတ်များက စွပ်စွဲထားကြသည်။
ပြီးခဲ့သည့်အပတ်က New York Times သတင်းစာတွင် ဖော်ပြချက်အရ အမေရိကန်သည် ဤစစ်ပွဲအတွင်း စျေးကြီးသော ရေဒါရှောင် ဒုံးကျည်များနှင့် Patriot ကြားဖြတ်ဒုံးကျည်များကို အမြောက်အမြား အသုံးပြုခဲ့ရသဖြင့် အခြားဒေသများမှ စစ်လက်နက် ပစ္စည်းများကို ဤဒေသသို့ အလျင်အမြန် ရွှေ့ပြောင်းနေရကြောင်း သိရသည်။
ယမန်နေ့က ပန်တဂွန်တာဝန်ရှိသူများက စစ်ပွဲစတင်ကတည်းက ဒေါ်လာ ၂၅ ဘီလီယံ ကုန်ကျခဲ့ကြောင်း ပြောကြားခဲ့သော်လည်း ယင်းကုန်ကျစရိတ်တွင် အရှေ့အလယ်ပိုင်းရှိ အမေရိကန်၏ ပိုင်ဆိုင်မှုများ ပျက်စီးဆုံး ရှုံးမှု ပါဝင်ခြင်း ရှိ၊ မရှိကိုမူ ရှင်းလင်းစွာ မပြောကြားခဲ့ပေ။
ရုရှားက အီရန်ကို စစ်ရေးအရ ကူညီပေးနေကြောင်း ကိန်း ဝန်ခံပြောကြား
အမေရိကန်၏ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးက လက် ရှိစစ်ပွဲအတွင်း ရုရှားသည် အီရန်ကို ကူညီပံ့ပိုးပေးနေကြောင်း အသေးစိတ်အချက်အလက်များ မပါရှိသော် လည်း အရိပ်အယောင်မျှ ထည့်သွင်းပြောကြားသွားခဲ့သည်။
“အဲဒီမှာ လှုပ်ရှားမှုအချို့ ရှိနေတာကတော့ သေချာပါတယ်” ဟု ၎င်းက ဆိုကာ၊ လူသိရှင်ကြား ကြားနာပွဲဖြစ်သည့်အတွက် နောက်ထပ် အချက်အလက်များကို ထုတ်ဖော်ပြောကြားနိုင်ခြင်းမရှိကြောင်း အရိပ်အမြွက် ပြောဆိုခဲ့သည်။
ရုရှားနှင့် အီရန်တို့သည် လက်နက်အရောင်းအဝယ်ကို ကာလရှည်ကြာ ပြုလုပ်ခဲ့ကြပြီး မော်စကိုသည် စစ်ပွဲအတွင်း တီဟီရန်အစိုးရအား နိုင်ငံရေးအရ ထောက်ခံပေးခဲ့သည်။ သို့သော်လည်း စစ်ပွဲတစ်လျှောက်တွင် ပိုမိုခိုင်မာသော စစ်ရေးပံ့ပိုးမှုများနှင့် ပတ်သက်၍ အသေး စိတ်အချက်အလက်များကိုမူ အနည်းငယ်သာ သိရှိရသေးသည်။
ယခုသီတင်းပတ် အစောပိုင်းက စိန့်ပီတာစဘတ်မြို့တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီနှင့် တွေ့ဆုံစဉ်အတွင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အီရန်အပေါ် ထောက်ခံကြောင်း ထပ်မံထုတ် ဖော် ပြောကြားခဲ့သည်။
စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်အက်ဥပဒေ (War Powers Act) သတ်မှတ်ရက်မှာ တိုက်ပွဲရပ်နားချိန်အတွင်း “ခေတ္တရပ်တန့်” နေသည်ဟု ဟက်ဂ်ဆက် အခိုင်အမာဆို
လာမည့်သောကြာနေ့သည် အီရန်အပေါ် အမေရိကန်၏ တိုက်ခိုက်မှုများကို ထရန့်က လွှတ်တော်သို့ တရားဝင်အကြောင်းကြားခဲ့သည့် ရက်ပေါင်း ၆၀ ပြည့်မြောက်မည့်နေ့ ဖြစ်သည်။ ၁၉၇၃ ခုနှစ် စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်အက်ဥပဒေအရ သမ္မတသည် စစ်ဆင်ရေးကို ရပ်တန့်ရန် သို့မဟုတ် ဆက်လက်လုပ်ဆောင်ရန်အတွက် လွှတ်တော်၏ အတည်ပြုချက် ရယူရန် ဥပဒေကြောင်းအရ လိုအပ်သည်။
သို့သော် ကြာသပတေးနေ့တွင် ဟက်ဂ်ဆက်က ဥပဒေအပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်အသစ်တစ်ခုကို တင်ပြခဲ့ပြီး၊ တိုက်ပွဲများ ရပ်နားထားချိန်အတွင်း “ရက် ၆၀ ကန့်သတ်ချက်မှာ ခေတ္တရပ်တန့်သွားသည် သို့မဟုတ် ပြတ်တောက်သွားသည်” ဟု ပြောကြားခဲ့သည်။ အမေရိကန်နှင့် အီရန်တို့သည် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများမတိုင်မီ ဧပြီလ ၈ ရက်နေ့ ကတည်း က တိုက်ခိုက်မှုများကို အများအားဖြင့် ရပ်တန့်ထားခဲ့သော်လည်း ယင်းဆွေးနွေးပွဲများမှာ လက်ရှိတွင် ရှေ့မတိုးသာ ဖြစ်နေသည်။
အမေရိကန်သည် ဟော်မုဇ်ရေလက်ကြားအား ရေတပ်ဖြင့် ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်ပြီး ထရန့်ကလည်း တိုက်ခိုက်မှုများကို ပြန်လည်စတင်မည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်ထားသည်။
စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်အက်ဥပဒေ၏ ပြဋ္ဌာန်းချက်တွင် တိုက်ပွဲရပ်နားထားခြင်းကြောင့် ရက်ပေါင်း ၆၀ သတ်မှတ်ချက်မှာ ပြောင်းလဲသွားနိုင်သည်ဟု တိတိ ကျကျ ဖော်ပြထားခြင်း မရှိပေ။
ဟက်ဂ်ဆက်၏ ပြောကြားချက်အပေါ် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် တင်မ် ကိန်း (Tim Kaine)က “ဒီဥပဒေပြဋ္ဌာန်းချက်က အဲဒီလိုယူဆချက်ကို ထောက်ခံလိမ့်မယ်လို့ ကျွန်တော်မယုံကြည်ပါဘူး” ဟု သံသယဖြင့် တုံ့ပြန်ခဲ့သည်။
အရပ်သားများ ထိခိုက်မှုအပေါ် စောင့်ကြည့်စစ်ဆေးရေးဌာနများကို လျှော့ချခဲ့မှုအပေါ် မေးခွန်းထုတ်ခံရ
အီရန်နှင့် အမေရိကန်-အစ္စရေး စစ်ပွဲကို မစတင်မီကပင် ပန်တဂွန်သည် ပဋိပက္ခများအတွင်း အရပ်သားထိခိုက်မှုများကို စောင့်ကြည့်စစ်ဆေးသည့် ရုံးအချို့ကို လျှော့ချရန် လုပ်ဆောင်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေခဲ့သည်။
ယင်းလုပ်ဆောင်ချက်တွင် အမေရိကန်၏ “ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲ” အတွင်း မြင့်မားခဲ့သော အရပ်သားသေဆုံးမှုများမှ သင်ခန်းစာယူရန်နှင့် ဆန်းစစ်ရန် ရည်ရွယ်ထားသည့် အရပ်သားကာကွယ်ရေးဌာန (Civilian Protection Center of Excellence) မှ ဝန်ထမ်းအင်အား လျှော့ချမှုများလည်း ပါဝင်သည်။
မီနာ့ဘ် (Minab) ရှိ မိန်းကလေးကျောင်းကို အမေရိကန်က တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အပါအဝင် အီရန်ရှိ အရပ်သားသေဆုံးမှု သတင်းများနှင့် ပတ်သက်၍ မေးခွန်းများ ထွက်ပေါ်နေသည်။
ကြာသပတေးနေ့တွင် အထက်လွှတ်တော်အမတ် ကာစတင် ဂီလီဘရန်း (Kirsten Gillibrand) က ဟက်ဂ်ဆက်အား “စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ အရပ် သားနေရာတွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ တိုက်ခိုက်မှုတွေအပေါ် ခင်ဗျားရဲ့ တုံ့ပြန်မှုက ဘာလဲ။ အရပ်သားတွေကို ပစ်မှတ်မထားအောင် ကူညီပေးရမယ့် ဌာနခွဲကို ခင်ဗျားဘာကြောင့် ၉၀ ရာခိုင်နှုန်းအထိ လျှော့ချပစ်ခဲ့တာလဲ” ဟု မေးမြန်းခဲ့သည်။
ရီပတ်ဘလစ်ကန် အမတ် မိုက်ခ် ရောင်းဒ်စ် (Mike Rounds) ကလည်း ပန်တဂွန်အနေဖြင့် အရပ်သားများကို အကာအကွယ်ပေးရန်အတွက် လိုအပ်သော အရင်း အမြစ်များ ရှိနေသေးသလားဟု မေးမြန်းခဲ့သည်။ ဟက်ဂ်ဆက်ကမူ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ထိုသို့လုပ်ဆောင်ရန် “လိုအပ်သော အရင်းအမြစ်တိုင်း” ရှိနေဆဲဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ဟက်ဂ်ဆက်သည် ထရန့် ‘ကြားချင်တာကိုသာ ပြောနေခြင်း’ လားဟု ဒီမိုကရက်တစ်အမတ် မေးခွန်းထုတ်
အပြင်းထန်ဆုံး မေးခွန်းထုတ်မှုများထဲမှ အချို့မှာ ကော်မတီ၏ ထိပ်တန်းဒီမိုကရက်တစ် အမတ်ဖြစ်သူ ဆီနိတ်တာ ဂျက်ခ်ရိဒ် (Jack Reed) ထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
ဟက်ဂ်ဆက်သည် ကွယ်ရာတွင် ဤစစ်ပွဲအား အခိုင်အမာဆုံး ထောက်ခံသူများထဲမှ တစ်ဦးဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေခြင်းအပေါ် ရိဒ်က ထောက်ပြခဲ့ပြီး၊ ၎င်းအနေဖြင့် သမ္မတအား မည်ကဲ့သို့ အကြံပေးနေသနည်းဟူသော မေးခွန်းကို ထုတ်ဖော်ခဲ့သည်။
”ခင်ဗျားဟာ သမ္မတ သိသင့်သိထိုက်တဲ့အချက်တွေကို ပြောပြမယ့်အစား သူ ကြားချင်တာတွေကိုပဲ လိုက်ပြောနေတာလားဆိုတာ ကျွန်တော် စိုးရိမ်မိပါတယ်” ဟု ရိဒ်က တစ်နေရာတွင် ပြောကြားခဲ့သည်။
အခြားတစ်ချက်တွင်မူ ဟက်ဂ်ဆက်သည် “စစ်တပ်အပေါ် ရေရှည်တည်တံ့မယ့် ထိခိုက်နစ်နာမှုတွေ ဖြစ်အောင် လုပ်ဆောင်နေတယ်” ဟု ယုံကြည်ကြောင်း ရိဒ်က ဆိုသည်။
တစ်ဖက်တွင်မူ ဟက်ဂ်ဆက်က စစ်ပွဲနှင့် စစ်ပွဲရည်မှန်းချက်များအပေါ် မေးခွန်းထုတ်နေကြသော လွှတ်တော်အမတ်များ၊ အထူးသဖြင့် ဒီမိုကရက်များကို ထပ်မံ၍ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။
“မနေ့က ကျွန်တော် ပြောခဲ့သလိုပဲ ဒီနေ့မှာလည်း ထပ်ပြောပါဦးမယ်၊ လက်ရှိမှာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ရန်သူကတော့ လွှတ်တော်ထဲက ဒီမိုကရက်တွေနဲ့ ရီပတ်ဘလစ်ကန်အချို့ရဲ့ တာဝန်မဲ့တဲ့ ငြင်းခုံမှုတွေနဲ့ စိတ်ဓာတ်ကျဆင်းစေမယ့် စကား လုံးတွေပဲ ဖြစ်တယ်” ဟု ဟက်ဂ်ဆက်က ၎င်း၏ အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
(Al Jazeera သတင်းဌာနမှ Hegseth testifies on Iran war before Senate committee: Key takeaways
သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)
#Pentagon #PeteHegseth #IranWar #RussiaIran #USSenate #MilitaryBudget #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN