အမေရိကန်တွင် ဓာတ်ဆီစျေး ၄ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိ – စစ်ပွဲပြီးလျှင် စျေးနှုန်းများ “ကျောက်ခဲကဲ့သို့” ထိုးကျသွားမည်ဟု ထရန့်ကတိပြု

(နိုင်ငံတကာ)ဧပြီ ၃၀

     ​​အမေရိကန်-အီရန်စစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင်စျေးကွက် ရိုက်ခတ်မှုများရှိနေစဉ် အမေရိကန်ပြည်ထောင် စု၏ ပျမ်းမျှဓာတ်ဆီစျေးနှုန်းမှာ တစ်ဂါလန်လျှင် ၄.၃၀ ဒေါ်လာအထိ မြင့်တက်လာပြီး လေးနှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားကြောင်း သိရသည်။

​     အမေရိကန် မော်တော်ယာဉ်အသင်း (AAA) ၏ အစီရင်ခံစာအရ စစ်ပွဲမစတင်မီက တစ်ဂါလန် ၃ ဒေါ်လာအောက်သာရှိခဲ့သည့် ဓာတ်ဆီစျေးမှာ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ရက်သတ္တပတ်အနည်းငယ်အတွင်း ၁ ဒေါ်လာကျော်အထိ ထိုးတက်သွားခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် ကာလီဖိုးနီးယားပြည်နယ်တွင် တစ်ဂါလန် ၆ ဒေါ်လာကျော်အထိ ပေးဆောင်နေရသဖြင့် ပြည်သူများအကြား မကျေနပ်မှုများ မြင့်တက်နေပြီး သမ္မတထရန့်၏ လူထုထောက်ခံမှုနှုန်းမှာလည်း စံချိန်တင် ကျဆင်းလျက်ရှိသည်။

​    သမ္မတထရန့်ကမူ ယခုဓာတ်ဆီစျေးတက်မှုမှာ အီရန် ၏ နျူကလီးယားအန္တရာယ်ကို ဟန့်တားရန် ပေး ဆပ်ရသည့် တန်ဖိုးဖြစ်ကြောင်း ပြောဆိုခဲ့ပြီး “စစ်ပွဲပြီးသွားတာနဲ့ ဓာတ်ဆီစျေးဟာ ကျောက်ခဲတစ်လုံး ပြုတ်ကျသလိုမျိုး အရှိန်အဟုန်နဲ့ ပြန်ကျသွားမှာပါ” ဟု ကတိပြုခဲ့သည်။ သို့သော်လည်း ဧပြီ ၈ ရက်နေ့က အပစ်အခတ်ရပ်စဲခဲ့သော်လည်း ရေတပ်ပိတ်ဆို့မှုများ ဆက်ရှိနေခြင်းကြောင့် စျေးနှုန်းများမှာ ကျဆင်းခြင်းမရှိဘဲ ဆက် လက်မြင့်တက်နေဆဲဖြစ်သည်။

     တစ်ဖက်တွင်လည်း အီရန်သမ္မတ ပီဇက်ရှ်ကီယန်က အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုသည် အီရန်ပြည်သူများအပေါ် စစ်ဆင်ရေးကို ပုံစံပြောင်း၍ ဖိနှိပ်နေခြင်းဖြစ် ကြောင်းနှင့် ယင်းအခြေအနေကို ဆက်လက်သည်းခံနိုင်စွမ်း မရှိတော့ကြောင်း သတိပေးခဲ့သည်။

​     လက်ရှိတွင် အမေရိကန်သည် အီရန်ဆိပ်ကမ်းများကို ရေတပ်ဖြင့် ဝိုင်းရံထားသလို၊ အီရန်ကလည်း ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ဆို့ထားဆဲဖြစ် သည်။ ရေနံစျေးမှာ တစ်စည်လျှင် ဒေါ်လာ ၁၀၀ အထက်တွင် ရှိနေခြင်းကြောင့် ဤဘဏ္ဍာရေးနှင့် စွမ်း အင်အားပြိုင်မှုသည် ကမ္ဘာ့စီးပွားရေးအပေါ် ဆက်လက်ဝန်ထုပ်ဝန်ပိုး ဖြစ်နေဦးမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။

​#USGasPrices #DonaldTrump #EnergyCrisis #IranWar #Inflation #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN