ဘီးလင်းမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံ

(ပြည်တွင်း) ဧပြီ ၂၇

ဘီးလင်းမြို့ ဆရာစံရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နေ့လည် ၁ နာရီမှ ၂ နာရီအချိန်အထိ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းတင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းထိုက်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းတို့နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ စုစုပေါင်း (၄၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

ထို့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်သွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးစိုးမင်းစမ်း၊ ဒေါ်ယဉ်မင်းထိုက်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျာမင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးတင်ရီ၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ဒေါက်တာစိုးမိုးအောင်နှင့် အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီမှ ဒေါ်စိုးစိုးမြင့်တို့လည်း တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် တက်ရောက်လာသူများအကြား မိတ်ဆက်စကားများ အပြန်အလှန်ပြောကြားခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူများ၏ ဆန္ဒမဲဖြင့် ကိုယ်စားလှယ်အဖြစ် ရပ်တည်နိုင်ခဲ့ကြသည့်အတွက် ပြည်သူ့အကျိုးစီးပွားအတွက် မြို့နယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်း၍ ထိရောက်စွာ ဆောင်ရွက်ကြရန် အလေးထား ပြောကြားခဲ့ကြောင်း သိရသည်။

#PAN