ရေကြောင်းနှင့် လေကြောင်း လူငယ်အခြေခံသင်တန်းများ ဖွင့်ပွဲအခမ်းအနား ကျင်းပ

(ပြည်တွင်း) ဧပြီ ၂၈

ဧရာဝတီတိုင်းဒေသကြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ယနေ့နံနက်ပိုင်းက ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က လူငယ်များကို အနာဂတ်နိုင်ငံတော်တာဝန်များ ထမ်းဆောင်နိုင်မည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်လာစေရန် စိတ်ဓာတ်ခွန်အားနှင့် အရည်အသွေးများ ပြည့်ဝအောင် ယခုကတည်းက လေ့ကျင့်ပြုစုရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ထို့ပြင်

ထို့ပြင်ရေကြောင်းနှင့်လေကြောင်းဆိုင်ရာ အခြေခံပညာရပ်များကို တတ်မြောက်သိရှိနားလည်နိုင်စေရန် ကြိုးစားသင်ယူကြရန်နှင့် နိုင်ငံတော်အတွက် အကျိုးပြုနိုင်မည့် အနာဂတ်ခေါင်းဆောင်များ ဖြစ်လာစေရန် တိုက်တွန်းခဲ့သည်။

ထို့အပြင် သင်တန်းကာလအတွင်း ကျန်းမာရေးကို ဂရုပြုထိန်းသိမ်းကာ စည်းကမ်းတကျ လေ့ကျင့်နေထိုင်ကြရန်၊ သင်တန်းသားအချင်းချင်း အတွေ့အကြုံများ မျှဝေပြီး စည်းလုံးညီညွတ်စွာ နေထိုင်ကြရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။ ထို့နောက် ရေကြောင်းလူငယ်သင်တန်းအတွက် ချီးမြှင့်ငွေနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပြီး လေကြောင်းလူငယ်သင်တန်းအတွက် ချီးမြှင့်ငွေနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများကို ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ခန်းမအတွင်း ပြသထားသည့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများကို ကြည့်ရှုလေ့လာခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

#PAN