



(ပြည်တွင်း) ဧပြီ ၂၃
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ နယ်အတွင်း ဧပြီ ၂၂ ရက်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ လူထုတွေ့ဆုံပွဲများ ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ နေ့လယ် ၁ နာရီခန့်တွင် ပုသိမ်မြို့နယ် အမှတ်(၆)ရပ်ကွက်၊ ထန်းကုန်းရပ်ရှိ ဒေါ်ဧပရယ် နေအိမ်၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဦးတို့မှ ဒေသခံပြည်သူ အင်အား ၁၀၀ ခန့်နှင့် လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းက လွှတ်တော်များ ဖွဲ့စည်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူများမှ ရွေးချယ်ပေးထားခြင်းဖြစ်သဖြင့် ပြည်သူများအပေါ် ပေးအပ်ထားသည့် ကတိကဝတ်များကို လွှတ်တော်မှတဆင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ပြည်သူများ၏ လိုအပ်ချက်များကို တင်ပြပေးရန်လည်း တိုက်တွန်းခဲ့သည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဦးက မိမိတာဝန်ယူဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ပါတီ၏ ရှေ့ဆက် ဆောင်ရွက်မည့် မူဝါဒလမ်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများမှ မိမိတို့၏ လိုအပ်ချက်များနှင့် သိရှိလိုသည့် အချက်များကို တင်ပြခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များမှ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ အဆိုပါ လူထုတွေ့ဆုံပွဲကို နေ့လယ် ၂ နာရီခွဲခန့်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် ယနေ့ နံနက် ၁၀ နာရီခန့်တွင် ပုသိမ်မြို့နယ် ရှောပြာကျေးရွာရှိ ဒေသခံနေအိမ်တစ်အိမ်တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဦးတို့အပါအဝင် တာဝန်ရှိသူများက ဒေသခံပြည်သူ ၂၀၀ ခန့်နှင့် တွေ့ဆုံခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဆက်စပ်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။