

(ပြည်တွင်း) ဧပြီ ၂၃
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ နယ်အတွင်း ထနီးကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ဧပြီ ၂၂ ရက် နံနက် ၁၁ နာရီခန့်၌ အရပ်သားအစိုးရ၏ ရက်(၁၀၀) စီမံချက် စတင်အကောင်အထည်ဖော်ဆောင်ရွက်မှု အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းဒန်၊ မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးတို့ တက်ရောက်၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားတွင် မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက ကျေးရွာမြေငှားဂရန် ရပိုင်ခွင့်နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး အစိုးရ၏ စီမံချက်များကို ပြည်သူများအောက်ခြေအထိ ရောက်ရှိခံစားနိုင်ရန် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်းက လက်ရှိသမ္မတသည် လွှတ်တော်အဆင့်ဆင့်မှ ရွေးချယ်တင်မြှောက်ထားသော ပြည်ထောင်စုသမ္မတဖြစ်ကြောင်းနှင့် ရက်(၁၀၀) စီမံချက်အနေဖြင့် ပြည်သူလူထု၏ လိုအပ်ချက်များကို အလေးထားဖြေရှင်းဆောင်ရွက်သွားရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အရပ်သားအစိုးရနှင့် အစိုးရဝန်ထမ်းများကြားညှိနှိုင်း ပူးပေါင်းဆောင်ရွက်၍ ပြည်သူလူထုကလဲ ဥပဒေ နှင့်အညီလိုက်ပါဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံတော်အစိုးရဝန်ထမ်းများအနေဖြင့် ယခုကဲ့သို့ မိမိတို့ကျေးရွာများအထိ လိုက်လံကွင်းဆင်းဆောင်ရွက် နေသည်မှာအလွန် ကျေးဇူးတင်စရာကောင်းကြောင်းဖြစ်ပြောကြားခဲ့ကြောင်း သိရသည်။
စက်သုံးဆီဝယ်ယူခွင့်ကိစ္စနှင့်ပတ်သက်၍ ပိုင်ဆိုင်မှုအထောက်ထားပေါ်မူတည်၍ စက်သုံးဆီဝယ်ယူခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း၊ လွှတ်တော်တွင်တင်ပြတောင်းဆိုနိုင်သည်များကိုလည်း တင်ပြတောင်းဆိုပေးသွားမည့်အကြောင်းပြောကြားပါသည်။
ထို့အပြင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းဒန်က လယ်ယာမြေကဏ္ဍ ချေးငွေများ တိုးမြှင့်ပေးနိုင်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး အစိုးရဝန်ထမ်းများ၏ ကျေးရွာအထိ ကွင်းဆင်းဆောင်ရွက်မှုများကို ပြည်သူများ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းခဲ့သည်။
မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးကလည်း မှတ်ပုံတင်ဆောင်ရွက်မှုများကို ယခင်ထက် ပိုမိုမြန်ဆန်စေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားတွင် ဒေသခံပြည်သူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို နေ့လယ် ၁၂ နာရီခန့်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။