တာချီလိတ်တွင် မိန်းကလေးငယ်တစ်ဦးအား ညှင်းပန်းရိုက်နှက်မှုဖြစ်ပွား အုပ်ထိန်းသူအား ဥပဒေအရ အရေးယူမည်

(မှုခင်း) ဧပြီ ၂၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် မြို့၊ ရန်အောင်မြေရပ်ကွက် ပါလျှံ (၁) ကျေးရွာတွင် မိန်းကလေးငယ်တစ်ဦးအား ညှင်းပန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ရာ အုပ်ထိန်းသူဖြစ်သူအား ဥပဒေအရ အရေးယူဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၂ ရက် ညနေ ၄ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦး ညှင်းပန်းနှိပ်စက်ခံရမှုဆိုင်ရာ သတင်းများ လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့လာခြင်းကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဟောင်လိတ်နယ်မြေရဲစခန်းမှ ရဲအုပ် အောင်မျိုးကျော် ဦးစီးတပ်ဖွဲ့ဝင်များ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြတ်စုမွန်နှင့်အဖွဲ့ဝင်များ၊ ရန်အောင်မြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဂျီဝမ်းနှင့်အဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က အခင်းဖြစ်ပွားရာနေအိမ်သို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ရိုက်နှက်ခံရသူမှာ အသက် (၁၀) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဖြစ်ပြီး ရိုက်နှက်သူမှာ အဒေါ်ဖြစ်သူ ဒေါ်လောမိန့် (၃၂ နှစ်) ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် တာဝန်ရှိသူများက ကလေးငယ်နှင့် အုပ်ထိန်းသူတို့ကို ရန်အောင်မြေရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်၍ အသေးစိတ် စစ်ဆေးမေးမြန်းခဲ့ရာ ကလေးငယ်၏ မိဘများ ကွဲကွာနေသဖြင့် ဒေါ်လောမိန့်က မွေးစားစောင့်ရှောက်ခဲ့ပြီး အိမ်ထောင်စုစာရင်းသွင်းကာ ဒေသခံ တရုတ်ကျောင်းတွင် ပညာသင်ကြားစေခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေ့တွင် ကလေးငယ်က အိမ်မှုကိစ္စများ မလုပ်ဆောင်သဖြင့် ဆုံးမရာမှ စိတ်မထိန်းနိုင်ဘဲ လက်လွန်ကာ ရိုက်နှက်မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာများ ရရှိခဲ့ကြောင်း စစ်ဆေးချက်များတွင် ဖော်ပြထားသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူ ဒေါ်လောမိန့်အား ဟောင်လိတ်နယ်မြေရဲစခန်းမှ ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်အား ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ် ထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာသို့ ပို့ဆောင်၍ ဆက်လက် စောင့်ရှောက်သွားမည်ဖြစ်ကြောင်း သိရသည်။