လမ်းပန်းဆက်သွယ်မှုခက်ခဲသည့်ဒေသများသို့ မြန်မာအမျိုးသားလေကြောင်း လေယာဉ်ခရီးစဉ်တိုးချဲ့ပြေးဆွဲမည်

(ပြည်တွင်း) ဧပြီ ၂၃

ခရီးသွားပြည်သူများ သွားလာရေးပိုမိုအဆင်ပြေလွယ်ကူစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာအမျိုးသားလေကြောင်း (MNA) သည် လမ်းပန်းဆက်သွယ်မှုခက်ခဲသည့် မြို့များသို့ လေယာဉ်ခရီးစဉ်များကို ၂၀၂၆ ခုနှစ် ဧပြီလ ၂၄ ရက်မှစတင်ကာ တိုးချဲ့ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ယခုကဲ့သို့ လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲခြင်းဖြင့် ဒေသအတွင်း ခရီးသွားလာမှု ပိုမိုလွယ်ကူချောမွေ့လာမည်ဖြစ်ပြီး ဒေသစီးပွားရေးနှင့် ကုန်သွယ်ရေးလှုပ်ရှားမှုများကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်သည်။

တိုးချဲ့ပြေးဆွဲမည့် ခရီးစဉ်များအရ ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်ရှိ မာန်အောင်နှင့် ကျောက်ဖြူမြို့များသို့ တစ်ပတ်လျှင် သုံးရက် ပျံသန်းပြေးဆွဲပေးမည်ဖြစ်ပြီး တနင်္လာနေ့နှင့် သောကြာနေ့များတွင် ရန်ကုန်–မာန်အောင်–ကျောက်ဖြူ–ရန်ကုန် ခရီးစဉ်၊ ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်–ကျောက်ဖြူ–မာန်အောင်–ရန်ကုန် ခရီးစဉ်အဖြစ် ပြေးဆွဲသွားမည်ဖြစ်သည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်လေဆိပ်ကိုအခြေပြု၍ ထားဝယ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့များသို့ တစ်ပတ်လျှင် ခြောက်ရက် ပြေးဆွဲသွားမည်ဖြစ်သည်။ တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် မြိတ်–ဘုတ်ပြင်း–ကော့သောင်း–ဘုတ်ပြင်း–မြိတ် ခရီးစဉ်ကို ပြေးဆွဲမည်ဖြစ်ပြီး အင်္ဂါ၊ ကြာသပတေးနှင့် တနင်္ဂနွေနေ့များတွင် မြိတ်–ထားဝယ်–မြိတ် ခရီးစဉ်ကို ပျံသန်းပြေးဆွဲပေးမည်ဖြစ်သည်။

ယခုလို လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲခြင်းသည် သွားလာရခက်ခဲသည့် ဒေသများအတွက် အရေးပါသည့် သယ်ယူပို့ဆောင်ရေးအခွင့်အလမ်းတစ်ခု ဖြစ်လာမည်ဖြစ်ပြီး ဒေသခံပြည်သူများနှင့် ခရီးသွားလုပ်ငန်းအတွက် အကျိုးကျေးဇူးများ ရရှိစေနိုင်ကြောင်းလည်း သိရသည်။

လေယာဉ်ခရီးစဉ် အသေးစိတ်အချက်အလက်များနှင့် လက်မှတ်ဝယ်ယူမှုများကို မြန်မာအမျိုးသားလေကြောင်း၏ တရားဝင်ဝက်ဘ်ဆိုက်နှင့် သက်ဆိုင်ရာမြို့များရှိ လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်များထံတွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက အသိပေးထားသည်။