


(ပြည်တွင်း) ဧပြီ ၂၁
အစိုးရသစ်၏ အပြောင်းအလဲကာလအတွင်း ကရင်ပြည်နယ်အစိုးရ၏ ပြည်သူ့အကျိုးပြု ရက် (၁၀၀) စီမံချက်အစီအစဉ်ကို ကော့ကရိတ်ခရိုင်၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ယနေ့ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကော့ကရိတ်မြို့ အမှတ် (၅) ရပ်ကွက် လှိုင်ကွက်သစ် ဓမ္မာရုံတွင် ယနေ့နံနက် ၁၀ နာရီအချိန်၌ ပြုလုပ်သည့် အဆိုပါအစီအစဉ်တွင် ခရိုင်နှင့်မြို့နယ် လဝကရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက မိဘပြည်သူများအား အိမ်ထောင်စုဇယား ပုံစံ (၁၀) ထုတ်ပေးခြင်း၊ နိုင်ငံသားမှတ်ပုံတင်အသစ်ပြုလုပ်ခြင်း၊ အဟောင်းလဲလှယ်ပေးခြင်းနှင့် UID ရိုက်ကူးပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး သက်ဆိုင်ရာဌာနများက လုပ်ငန်းစဉ်အလိုက် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြည်သူများအနေဖြင့် လုပ်ငန်းများကို အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ကိုယ်တိုင်လာရောက်ပူးပေါင်းဆောင်ရွက်ရန်နှင့် ကောလဟလသတင်းများကို မယုံကြည်ကြရန်လည်း မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က အသိပေးနိုးဆော်ထားကြောင်း သိရသည်။