ထိုင်းနိုင်ငံတွင် “မြေဆီလွှာအဖျားရောဂါ” ကူးစက်မှု မြင့်တက်လာပြီး လူ ၂၃ ဦး သေဆုံးကြောင်း အစိုးရ သတိပေး

(နိုင်ငံတကာ) ဧပြီ ၂၁

     ​ထိုင်းနိုင်ငံတွင် “မြေကြီးတုပ်ကွေး” ဟုလည်း ခေါ်ဆိုကြသည့် မြေဆီလွှာအဖျားရောဂါ (Melioidosis) ကူးစက်မှုများ စိုးရိမ်ဖွယ် မြင့်တက်လာနေသဖြင့် အထူး သဖြင့် လယ်သမားများနှင့် စိုက်ပျိုးရေးလုပ်ကိုင်သူ များ အထူးဂရုပြုကြရန် ထိုင်းအစိုးရက အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားသည်။

​     ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၁၆ ရက်နေ့အထိ စာရင်းများအရ ထိုင်းတစ်နိုင်ငံလုံးတွင် အဆိုပါရောဂါ ကူးစက်ခံရသူ ၇၃၂ ဦး ရှိနေပြီဖြစ်ကာ သေဆုံးသူ ၂၃ ဦး အထိ ရှိလာပြီဖြစ်သည်။ အထူး သဖြင့် ထိုင်းအရှေ့မြောက်ပိုင်း(Isan) ဒေသတွင် ကူးစက်မှု အများဆုံးဖြစ်ပွားနေပြီး ခွန်ကဲန်ဒေသတွင်လည်း သေဆုံးမှုများ ရှိနေကြောင်း သိရသည်။

    Melioidosis ရောဂါသည် မြေဆီလွှာနှင့် ရေအိုင်များတွင် ရှိနေတတ်သော Burkholderia pseudomallei ဘက်တီးရီးယားကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ ကူးစက်ပုံမှာ ညစ်ညမ်းသော မြေကြီး သို့မဟုတ် ရေနှင့် တိုက်ရိုက်ထိတွေ့ခြင်း(အထူးသဖြင့် အနာရှိသူများ)၊ ဘက်တီးရီးယားပါသော ရေသောက်မိခြင်းနှင့် ဖုန်မှုန့်များကို ရှူမိခြင်းတို့မှတစ်ဆင့် ကူးစက်ခြင်း ဖြစ်သည်။

     အန္တရာယ်ရှိသူများမှာ အသက် ၅၀ ကျော်သူများ၊ ဆီးချိုရောဂါရှိသူများ၊ ကျောက်ကပ်ရောဂါနှင့် ကိုယ်ခံအားနည်းသည့် နာတာရှည်ရောဂါအခံရှိသူများတွင် ပိုမိုပြင်းထန်တတ်သည်။ ပုံမှန်အားဖြင့် ကူးစက်ပြီး ၁ ရက်မှ ၂၁ ရက်အတွင်း လက္ခဏာပြတတ်သော်လည်း အချို့တွင် နှစ်နှင့်ချီ၍ ကြာမြင့်မှ လက္ခဏာပေါ်တတ်သည်။

​     အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ လာလီဒါ ပီရီဆွီဝပ်တနာက လယ်ယာလုပ်ငန်းခွင်ဝင်သူများအနေဖြင့် ရေနှင့် မြေကြီးကို တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန်နှင့် အလုပ်လုပ်ရာတွင် လည်ရှည်ဖိနပ် (Boots)၊ လက်အိတ်များ ဝတ်ဆင်ရန် တိုက်တွန်းထားသည်။

​#Melioidosis #ThailandHealth #SoilFever #FarmersHealth #PublicHealthAlert #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN