ဖလမ်းမြို့အနီးတွင် တပ်မတော်စစ်ကြောင်းများ ရောက်ရှိနေကြောင်း သတင်းများ ထွက်ပေါ်

(ပြည်တွင်း) ဧပြီ ၂၁

ချင်းပြည်နယ် ဖလမ်းမြို့ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်ဆင်လာသည့် တပ်မတော်စစ်ကြောင်းများသည် မြို့နှင့် မိုင်အကွာအဝေးအနည်းငယ်သာကျန်ရှိသည့်နေရာသို့ ရောက်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်အချို့မှ သိရသည်။
တပ်မတော်စစ်ကြောင်းများသည် ဧပြီ ၁၈ ရက်နေ့တွင် ဖလမ်းမြို့နှင့် မိုင် ၁၀ မိုင်ခန့်အကွာရှိ ဗားရ်တံတားကို ဖြတ်ကျော်နိုင်ခဲ့ပြီးနောက် ဖလမ်းမြို့ဘက်သို့ ဆက်လက်ချီတက်လျက်ရှိကြောင်းလည်း သတင်းများတွင် ဖော်ပြထားသည်။
အဆိုပါ စစ်ရေးလှုပ်ရှားမှုများသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်းကစ၍ ကလေး–သိုင်းငင်းနှင့် ကလေး–ဝေဘူလ လမ်းကြောင်းများအတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ဖလမ်းမြို့တွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် မြို့ကို အကြမ်းဖက်များမှ ထိန်းချုပ်ခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
ဖလမ်းမြို့သည် ချင်းပြည်နယ်အတွင်း စီးပွားရေး၊ နိုင်ငံရေးနှင့် လမ်းကြောင်းဆက်သွယ်ရေးအရ အရေးပါသည့်နေရာတစ်ခုဖြစ်ပြီး ဆူရ်ဘုန်လေဆိပ် တည်ရှိရာမြို့လည်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဖလမ်းမြို့အနီး စစ်ရေးအခြေအနေများနှင့် ပတ်သက်၍ တရားဝင်အတည်ပြုချက်များကို စောင့်ဆိုင်းနေရဆဲဖြစ်သည်။