
(နိုင်ငံတကာသတင်းဆောင်းပါး)ဧပြီ ၂၀
အမေရိကန်စစ်တပ်သည် ပြီးခဲ့သည့်နှစ်များအတွင်း လူသစ်စုဆောင်းရန် ခက်ခဲနေသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်နှင့် စစ်မှုထမ်းရန် အရည် အချင်းပြည့်မီသူ အရေအတွက်ကို တိုးချဲ့နိုင်ရန်အတွက် စစ်မှုထမ်းနိုင်သည့် အမြင့်ဆုံးအသက်အရွယ်ကို ၃၅ နှစ်မှ ၄၂ နှစ်သို့ တိုးမြှင့်လိုက်ကြောင်း ပြီးခဲ့သည့်လတွင် ကြေညာခဲ့သည်။
မတ်လ ၂၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် အမေရိကန်စစ်တပ်၏ စည်းမျဉ်းအမှတ် ၆၀၁-၂၁၀ (US Army Regulation 601–210) အသစ်တွင် အဆိုပါပြောင်း လဲမှုများကို ဖော်ပြထားသည်။ ယင်းတွင် ဆေးခြောက်လက်ဝယ်တွေ့ရှိမှု သို့မဟုတ် မူးယစ်ဆေးဝါးသုံးစွဲသည့် အသုံးအဆောင်ပစ္စည်းများ လက်ဝယ်တွေ့ရှိမှုဖြင့် ပြစ် ဒဏ်တစ်ကြိမ်တစ်ခါ ကျခံဖူးသူများအနေဖြင့် စစ်မှုထမ်းရန်အတွက် အထူးခွင့်ပြု ချက်(Waiver) တောင်းခံရန် လိုအပ်သည့် စည်းမျဉ်းကို ပယ်ဖျက်ပေးခြင်းလည်း ပါဝင်သည်။
အစိုးရ၏ အချက်အလက်များအရ အမေရိကန်စစ်တပ်သည် ပြီးခဲ့သည့် နှစ်နှစ်အတွင်း လူသစ်စုဆောင်းမှု လျာထားချက်ကို ပြည့်မီခဲ့သော်လည်း ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်များတွင်မူ လျာထားချက်ထက် လျော့နည်းခဲ့သည်။ ထို့ပြင် အရန်တပ်ဖွဲ့ (Army Reserve) အတွက် လူသစ်စုဆောင်းမှုတွင်လည်း အစဉ်တစိုက် လိုအပ်ချက်များ ရှိနေခဲ့သည်။ ယင်းသို့ ဖြစ်ရခြင်းမှာ အချက်အလက်များစွာပေါ်တွင် အခြေခံနေသည်ဟု လေ့လာဆန်းစစ်သူများက ဆိုသည်။
အသက်ကန့်သတ်ချက် အသစ်ကို လက်ရှိဖြစ်ပွားနေသော အမေရိကန်-အစ္စရေးနှင့် အီရန်စစ်ပွဲအတွင်း ကြေ ညာခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါစစ်ပွဲအပေါ် လူငယ်များအကြား ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်မှုများ ရှိနေသည့်အချိန်နှင့်လည်း တိုက်ဆိုင်နေပါသည်။
ပြောင်းလဲလိုက်သည့် စည်းမျဉ်းများနှင့်ပတ်သက် ၍ သိထားသင့်သည့် အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
စည်းမျဉ်းသစ်က ဘယ်အချိန်မှာ စတင်သက်ရောက်မှာလဲ။
မွမ်းမံထားသည့် စစ်တပ်စည်းမျဉ်း ၆၀၁-၂၁၀ သည် ယနေ့ တနင်္လာနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်) တွင် တရားဝင် စတင်သက်ရောက်မည် ဖြစ် သည်။
ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး စစ်တပ်က ဘာတွေပြောထားလဲ။
အမေရိကန်စစ်တပ်သည် မတ်လ ၂၀ ရက်နေ့တွင် လူသစ်စုဆောင်းမှုဆိုင်ရာ စည်းမျဉ်းသစ်များကို ထုတ်ပြန်ခဲ့ပြီး တစ်လအကြာ ယနေ့ ဧပြီလ ၂၀ ရက်နေ့တွင် စတင်ကျင့်သုံးမည် ဖြစ်သည်။ ဤစည်းမျဉ်းသစ်များသည် ပုံမှန်စစ်တပ် (Regular Army)၊ အရန်တပ် (Army Reserve) နှင့် အမျိုးသားအစောင့်တပ် (Army National Guard) အားလုံးနှင့် သက်ဆိုင်မည် ဖြစ်သည်။
အမြင့်ဆုံး စစ်မှုထမ်းနိုင်သည့်အသက်ကို ၃၅ နှစ်မှ ၄၂ နှစ်သို့ တိုးမြှင့်လိုက်သကဲ့သို့၊ ဆေးခြောက် သို့မဟုတ် ဆေးသုံးစွဲသည့် အသုံးအဆောင်များ လက်ဝယ်တွေ့ရှိမှုဖြင့် ပြစ်ဒဏ်တစ်ကြိမ် ကျခံဖူးသူများ စစ်ထဲဝင်ရန် အထူးခွင့်ပြုချက် (Waiver) တောင်းခံရမည့် ကန့်သတ်ချက်များကိုလည်း ပယ်ဖျက်ပေးလိုက်ပြီ ဖြစ်ပါသည်။
ဒီပြောင်းလဲမှုတွေက အမေရိကန်စစ်ဘက်တစ်ခုလုံးနဲ့ သက်ဆိုင်ပါသလား။
မတ်လအတွင်းက ကြေညာခဲ့တဲ့ အပြောင်းအလဲတွေဟာ အမေရိကန် ကြည်းတပ် (Army) အတွက်သာ သီးသန့်ဖြစ်ပါတယ်။
စစ်ဘက်ဆိုင်ရာသတင်းဌာနဖြစ်တဲ့ Stars and Stripes ရဲ့ ဖော်ပြချက်အရ အဆိုပါပြောင်းလဲမှုတွေဟာ အသက် ၄၀ အစောပိုင်းအထိ လက်ခံနေတဲ့ လေတပ်၊ ရေတပ်၊ ကမ်းခြေစောင့်တပ်နဲ့ အာကာသတပ်ဖွဲ့စတဲ့ တခြားစစ်ဘက်ဆိုင်ရာ အစိတ်အပိုင်းတွေရဲ့ အမြင့်ဆုံးစစ်မှုထမ်းအသက်အရွယ်နဲ့ တပြေးညီဖြစ်အောင် ကြည်းတပ်က လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။
အမေရိကန် မရိန်းတပ်ဖွဲ့ (Marines) အတွက် စစ်မှု ထမ်းနိုင်တဲ့ အမြင့်ဆုံးအသက်အရွယ်မှာတော့ ၂၈ နှစ်သာ ဖြစ်ပါတယ်။
ဘယ်လိုအချက်တွေကြောင့် အခုလို ပြောင်းလဲရတာလဲ။
အသက်ကန့်သတ်ချက် တိုးမြှင့်ရခြင်း အကြောင်း ရင်းနဲ့ ပတ်သက်ပြီး အမေရိကန်ကြည်းတပ်ဘက်က မှတ်ချက်ပေးခြင်း မရှိပေမဲ့ အမေရိကန်ကြည်းတပ် လူသစ်စုဆောင်းရေးဌာနရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ်တွေအတွင်း လူသစ်စုဆောင်းရာမှာ အခက် အခဲတွေနဲ့ ရင်ဆိုင်နေရတာကို တွေ့ရပါတယ်။
ကြည်းတပ်အနေနဲ့ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေမှာ လူသစ်စုဆောင်းမှု လျာထားချက် ၁၀၀ ရာခိုင်နှုန်း ပြည့် မီခဲ့ပေမဲ့၊ ၂၀၂၃ ခုနှစ်မှာ လျာထားချက်ရဲ့ ၂၃ ရာခိုင် နှုန်းနဲ့ ၂၀၂၂ ခုနှစ်မှာ ၂၅ ရာခိုင်နှုန်းခန့် လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။
အဆိုပါ အချက်အလက်တွေအရ ကြည်းတပ်ဟာ အရန်တပ်ဖွဲ့ (Army Reserve) အတွက် လူသစ်စုဆောင်းမှုမှာလည်း လွန်ခဲ့တဲ့ ၆ နှစ်ဆက်တိုက် လျာ ထားချက် မပြည့်မီခဲ့တာကို တွေ့ရပါတယ်။
စစ်ဘက်သတင်းဌာနဖြစ်တဲ့ Army Times က ကြည်းတပ်ပြောရေးဆိုခွင့်ရှိသူရဲ့ အချက်အလက်တွေကို ကိုးကားဖော်ပြချက်အရ ကြည်းတပ်ထဲကို ဝင်ရောက်လာသူတွေရဲ့ ပျမ်းမျှအသက်ဟာ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ၂၁.၇ နှစ်၊ ၂၀၁၀ ဝန်းကျင်က ၂၁.၁ နှစ် ရှိခဲ့ရာမှ မကြာသေးမီနှစ်တွေအတွင်း ၂၂.၇ နှစ်အထိ မြင့်တက်လာခဲ့ပါတယ်။
အမေရိကန်ကြည်းတပ် လူသစ်စုဆောင်းရေးဌာနကတော့ အခုလို စိန်ခေါ်မှုတွေဖြစ်ရတာဟာ အလုပ်သမားစျေးကွက် ပြောင်းလဲမှုတွေ၊ စစ်မှုထမ်းခြင်းအပေါ် သိရှိနားလည်မှု အားနည်းခြင်းတွေအပြင် အဝလွန်ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်းနဲ့ စိတ်ကျန်းမာရေးပြဿနာတွေကြောင့် အရည်အချင်းပြည့်မီတဲ့ လူငယ်ဦးရေ နည်းပါးလာခြင်းတို့ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ လူငယ်တွေ စစ်ထဲမဝင်ချင်ရတဲ့ ထိပ်တန်းအကြောင်း ရင်းတွေထဲမှာ ဒဏ်ရာရမှာ ဒါမှမဟုတ် သေဆုံးမှာကို စိုးရိမ်တာ၊ စစ်ဒဏ်ကြောင့် စိတ်ဒဏ်ရာရမှာ (PTSD) ကို ကြောက်တာ၊ မိသားစု သူငယ်ချင်းတွေနဲ့ ဝေးရမှာကို စိုးရိမ်တာနဲ့ တခြားသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို ပိုပြီးစိတ်ဝင်စားတာတွေ ပါဝင်နေကြောင်း သိရပါတယ်။
ဒီအပြောင်းအလဲက အီရန်စစ်ပွဲနဲ့ သက်ဆိုင်ပါသလား။
လူသစ်စုဆောင်းရေး စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့အတွက် စစ်မှုထမ်းအသက်အရွယ် တိုးမြှင့်ဖို့ ဖြစ်နိုင်ခြေကို လေ့လာဆန်းစစ်သူတွေ ဆွေးနွေးခဲ့ကြတာ နှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်ပါတယ်။ အမေရိကန် အခြေစိုက် RAND Corporation သုတေသနအဖွဲ့ရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာတစ်ခုမှာ “အသက်အရွယ် ပိုကြီးတဲ့ လူငယ်တွေ” ဟာ “အရေးပါပြီး အသုံးမချရသေးတဲ့ အရည် အသွေးမြင့် လူသစ်စုဆောင်းနိုင်မယ့် အရင်းအမြစ်” ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
သမ္မတ ဒေါ်နယ်ထရန့်က ခြေလျင်တပ်တွေ စေ လွှတ်နိုင်တယ်လို့ အရင်က ပြောကြားထားဖူးတဲ့ အမေရိကန်-အစ္စရေးနဲ့ အီရန်စစ်ပွဲကြောင့် အခုလို ပြောင်းလဲလိုက်တာလို့ စစ်တပ်ဘက်က အရိပ်အမြွက် ပြောဆိုခြင်း မရှိပါဘူး။ ဒါပေမဲ့ လူမှုကွန်ရက် အသုံးပြုသူအချို့ကတော့ အခုလို ကြေညာတဲ့ အချိန်ကာလကို ချက်ချင်းပဲ သတိပြုမိခဲ့ကြပါတယ်။
အွန်လိုင်းအသိုက်အဝန်းရှိ အချို့သူတွေကတော့ စစ်ပွဲကို ထောက်ခံနေတဲ့ အသက်ကြီးပိုင်းတွေအနေနဲ့ အခုဆိုရင် စစ်ထဲဝင်ဖို့ အခွင့်အရေး ရသွားပြီဖြစ် ကြောင်း နောက်ပြောင် ရေးသားခဲ့ကြပါတယ်။
ကွန်ဆာဗေးတစ် နိုင်ငံရေးဝေဖန်သူ ဘန် ရှာပီရို (Ben Shapiro) က အီရန်ကို တိုက်ခိုက်ဖို့ ထရန့်ရဲ့ ဆုံးဖြတ်ချက်ကို ချီးကျူးနေတဲ့ ဗီဒီယိုတစ်ခုအောက်မှာ X အသုံးပြုသူတစ်ဦးက “စစ်ထဲဝင်ရမယ့် အသက်ကို ၄၂ နှစ်အထိ တိုးလိုက်ပြီ၊ ခင်ဗျား ဘာလို့ ဒီမှာ ရှိနေသေးတာလဲ” လို့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
အမေရိကန် လူငယ်မျိုးဆက်တွေဟာ အသက်ကြီးပိုင်း မျိုးဆက်တွေထက် နိုင်ငံခြားစစ်ပွဲတွေမှာ ပါဝင်ပတ်သက်မှုကို ပိုမို ဆန့်ကျင်လေ့ ရှိကြပါတယ်။
၂၀၂၄ ခုနှစ် Pew Research Center ရဲ့ စစ်တမ်းတစ်ခုအရ အသက် ၁၈ နှစ်ကနေ ၂၉ နှစ်ကြား လူငယ်တွေဟာ အမေရိကန်မှာ စစ်တပ်အပေါ် အကောင်းမြင်တာထက် အဆိုးမြင်တာ ပိုများတဲ့ တစ်ခုတည်းသော အသက်အုပ်စု ဖြစ်နေပါတယ်။ အဆိုပါ အုပ်စုရဲ့ ၅၃ ရာခိုင်နှုန်းက စစ်တပ်ဟာ ဆိုးကျိုးသက်ရောက်မှု ရှိတယ်လို့ ဆိုကြပြီး ၄၃ ရာခိုင်နှုန်းကသာ ကောင်းကျိုးရှိတယ်လို့ ယူဆကြပါတယ်။
လက်ရှိ အမေရိကန်စစ်တပ်မှာ အင်အား ဘယ်လောက်ရှိသလဲ။
Pew Research Center ရဲ့ အဆိုအရ အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အမြဲတမ်းတပ်ဖွဲ့ဝင် (Active members) ၁.၃၂ သန်းခန့် ရှိပါတယ်။ ယင်းတို့အနက် ကြည်းတပ် (Army) က ၄၅၀,၀၀၀ နီးပါးနဲ့ အင်အားအများဆုံး ဖြစ်ပြီး၊ ရေတပ် (Navy) က ၃၃၄,၀၀၀ ကျော်နဲ့ ဒုတိယ အများဆုံး ဖြစ်ပါတယ်။
လေတပ် (Air Force) မှာ ၃၁၇,၀၀၀ ကျော်၊ မရိန်းတပ် (Marines) မှာ ၁၆၈,၀၀၀ ကျော်၊ ကမ်းခြေစောင့်တပ် (Coast Guard) မှာ ၄၂,၀၀၀ နီးပါးနဲ့ အာကာသတပ်ဖွဲ့ (Space Force) မှာ ၉,၇၀၀ နီးပါး ရှိပါတယ်။
အမေရိကန်ကြည်းတပ် လူသစ်စုဆောင်းရေးဌာနရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်မှာ ပုံမှန်ကြည်း တပ်ထဲ ဝင်ရောက်လာသူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ အမျိုးသားတွေ ဖြစ်ပါတယ်။
၂၀၂၄ သန်းခေါင်စာရင်း အချက်အလက်တွေအရ လူမည်းနဲ့ လက်တင်နို (Latino) နွယ်ဝင်တွေဟာ စုစုပေါင်း လူဦးရေရဲ့ ၁၄ ရာခိုင်နှုန်းနဲ့ ၂၀ ရာခိုင်နှုန်းစီသာ ရှိသော်လည်း၊ ကြည်းတပ်ထဲ ဝင်ရောက်သူတွေမှာတော့ ၂၇ ရာခိုင်နှုန်းစီအထိ ပါဝင်နေတာကြောင့် လူဦး ရေ အချိုးအစားထက် ပိုများနေတာကို တွေ့ရပါတယ်။ လူဖြူတွေကတော့ စုစုပေါင်း လူဦးရေရဲ့ ၅၇ ရာခိုင်နှုန်း ရှိပေမဲ့ ကြည်းတပ်ထဲ ဝင်ရောက်သူတွေမှာတော့ ၄၀ ရာခိုင်နှုန်းခန့်သာ ရှိပါတော့တယ်။
(Al Jazeera သတင်းဌာနမှ Brian Osgood ၏ What’s behind the US army’s decision to raise enlistment age to 42? သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)
#USArmy #MilitaryRecruitment #PolicyChange #NationalSecurity #InternationalNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN