
(မှုခင်း) ဧပြီ ၁၀
ပျဥ်းမနားမြို့နယ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။
ဧပြီလ ၅ ရက်နေ့ ည ၇နာရီ ၄၅ မိနစ်အချိန်တွင် ဘောဂသီရိကားကြီးဝင်းအတွင်းရှိ ကားဂိတ်တွင် အိုးဝေဆိုင်ကယ်နှင့် ပစ္စည်းများလာရောက်ထုတ်ယူသူ ဆန်းဝင်း(ခ)ဆန်းမင်း(ခ)ပေါက်စ အား စစ်ဆေးရှာဖွေရာ ၎င်းထုတ်ယူလာသည့် ဆာလာအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၆,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇၂၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူ ဆန်းဝင်း(ခ)ဆန်းမင်း(ခ)ပေါက်စ(၄၁)နှစ်အား ရွာကောက်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။