ဗြိတိန်ဘုရင် ချားလ်စ် အမေရိကန်သို့ လာရောက်စဉ် အက်ပ်စတိန်း၏ ကာမသားကောင်ဖြစ်ခဲ့ရသူများနှင့် တွေ့ဆုံရန် ဂျူးဖရေးမိသားစု တိုက်တွန်း

(နိုင်ငံတကာ) ဧပြီ ၅

     ဗြိတိန်ဘုရင် ချားလ်စ် (King Charles) သည် ယခုလနှောင်းပိုင်းတွင် အမေရိကန်ပြည်ထောင်စုသို့ နိုင်ငံ တော်အဆင့် ခရီးစဉ်အဖြစ် လာရောက်ရန်ရှိနေစဉ်၊ ကွယ်လွန်သူ ဗာဂျီးနီးယား ဂျူးဖရေး (Virginia Giuffre) ၏ မိသားစုက အက်ပ်စတိန်းအမှုမှ အသက်ရှင်ကျန်ရစ်သူ ကာမသားကောင်များနှင့် တွေ့ဆုံပေးရန် ဘုရင်ကြီးအား တိုက်ရိုက်တောင်းဆိုလိုက်သည်။

​     ဘုရင်ချားလ်စ်၏ ဝါရှင်တန်ဒီစီ ခရီးစဉ်ကို ဧပြီလ ၂၇ ရက်မှ ၃၀ ရက်အထိ သတ်မှတ်ထားသည်။ အဆို ပါကာလသည် ကာမကုန်ကူးမှုများ၏ သားကောင်ဖြစ်ခဲ့ရသူ ဗာဂျီးနီးယား ဂျူးဖရေး ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားခဲ့သည့် တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့နှင့် နီးကပ်နေ သည်။ ဂျူးဖရေးသည် ဆယ်ကျော်သက်အရွယ်က ဂျက်ဖရီ အက်ပ်စတိန်း၏ ကာမကုန်ကူးမှုကို ခံခဲ့ရသလို၊ ဘုရင်ချားလ်စ်၏ ညီတော် ပရင်စ် အင်ဒရူး (Prince Andrew) ထံသို့ပါ ပို့ဆောင်ခြင်းခံခဲ့ရသည်ဟု ၂၀၁၀ ပြည့်နှစ်ကတည်းက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သူဖြစ် သည်။

​     ဂျူးဖရေး၏ မောင်ဖြစ်သူ စကိုင်း(Sky) နှင့် ခဲအိုမ အမန်ဒါ ရောဘတ်စ် (Amanda Roberts) တို့က Reuters သတင်းဌာနမှတစ်ဆင့် ထုတ်ပြန်ရာတွင် “ဘုရင်ချားလ်စ်အနေနဲ့ ကျွန်တော်တို့ မိသားစုဝင်တွေအပြင် အသက်ရှင်ကျန်ရစ်သူတွေနဲ့ တွေ့ဆုံပြီး ကျွန်တော်တို့ ရင်ဖွင့်ပြောကြားချင်တာတွေကို နား ထောင်ပေးဖို့ အလေးအနက် တိုက်တွန်းပါတယ်” ဟု ဆိုသည်။ သားကောင်ဖြစ်ခဲ့ရသူများ၏ ကိုယ်တွေ့ဖြစ်ရပ်များကို နားထောင်ပေးခြင်းအားဖြင့် အက်ပ်စတိန်းနှင့် ပူးပေါင်းကြံစည်ခဲ့သူများကို ဗြိတိန်အစိုးရက ပိုမိုထိရောက်စွာ အရေးယူနိုင်ရန် တွန်းအားဖြစ်စေလိမ့်မည်ဟု ၎င်းတို့က မျှော်လင့်နေကြသည်။

​     ဂျူးဖရေးမိသားစုက ဘုရင်ချားလ်စ်၏ ပြတ်သားသော ဆုံးဖြတ်ချက်ကိုလည်း ချီးကျူးခဲ့ကြသည်။ “ကျွန်မတို့ ညီမလေးရဲ့ စွပ်စွဲချက်တွေကို နားထောင်ပေးပြီး သူ့ညီဖြစ်သူ အင်ဒရူးကို မင်းသား အဆင့် အတန်းကနေ ရုပ်သိမ်းလိုက်တဲ့ ဘုရင်ချားလ်စ်ရဲ့ လုပ်ရပ်အတွက် ကျေးဇူးတင်ပါတယ်” ဟု မိသားစုက ဆိုသည်။ လက်ရှိတွင် အင်ဒရူးသည် အင်ဒရူး မောင့်ဘက်တန်-ဝင်ဆာ (Andrew Mountbatten-Windsor) ဟုသာ တရား ဝင် အမည်တွင်တော့ပြီး ဗြိတိန်တွင် အစိုးရတာဝန် အလွဲသုံးစားပြုမှု စွဲချက်များဖြင့် တရားစွဲဆိုခံနေရသည်။

​     ဘုရင်ကြီး၏ ခရီးစဉ်သည် အမေရိကန် တရားရေးဝန်ကြီးဌာနက အက်ပ်စတိန်းအမှုနှင့် ပတ်သက်သည့် စာရွက်စာတမ်းပေါင်း ၃.၅ သန်းကျော်ကို ထုတ်ပြန်ပြီးနောက် လအနည်းငယ်အကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ သမ္မတ ဒေါ်နယ်ထရန့် လက်မှတ်ရေးထိုးအတည်ပြုခဲ့သည့် “Epstein Files Transparency Act” ဥပဒေအရ ထိပ်တန်းနိုင်ငံရေးသမားများနှင့် စီးပွား ရေးလုပ်ငန်းရှင်များစွာ ရာထူးမှ နုတ်ထွက်ခဲ့ရသလို၊ အက်ပ်စတိန်းနှင့် ဆက်နွှယ်သူများကို ဖမ်းဆီးမှုများလည်း ဆက်တိုက်ရှိနေသည်။

​#KingCharlesUSVisit #EpsteinScandal #VirginiaGiuffre #PrinceAndrew #JusticeForSurvivors #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN