
(နိုင်ငံတကာ) ဧပြီ ၅
တီဟီရန်မြို့မြောက်ပိုင်းရှိ နာမည်ကျော် ရှာဟစ် ဘီဟက်ရှ်တီ (Shahid Beheshti) တက္ကသိုလ်အတွင်းရှိ သုတေသနဗဟိုဌာနတစ်ခုသည် သောကြာနေ့က လေ ကြောင်းတိုက်ခိုက်မှုကြောင့် အပျက်အစီးများဖြင့် ကျန်ရစ်ခဲ့သည်။ အထူးသဖြင့် အဆင့်မြင့်ပညာရေးဌာန၏ လေဆာနှင့် ပလာစမာ သုတေသနဌာန (Laser and Plasma Research Institute) ကို ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး၊ ၎င်းသည် အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံရှိ အရပ်ဘက်နေရာများကို ပစ်မှတ်ထားတိုက်ခိုက်လာသည့် ပုံစံသစ်တစ်ခု ဖြစ်လာနေသည်။
အဆိုပါဌာနသည် အစ္စရေး၏ ၁၂ ရက်ကြာစစ်ပွဲအတွင်း လုပ်ကြံခံခဲ့ရသည့် ထိပ်တန်းနျူကလီးယားသိပ္ပံပညာရှင် မိုဟာမက် မယ်ဒီ တီရန်ချီ (Mohammad Mehdi Tehranchi) ဦးဆောင်ခဲ့သော နေရာဖြစ်သဖြင့် စစ်ရေးအရ ပစ်မှတ်ထားခံရခြင်းဖြစ်နိုင်ကြောင်း ယူဆရသည်။
အီရန် သိပ္ပံ၊ သုတေသနနှင့် နည်းပညာဝန်ကြီး ဟိုစိန် ဆီမာအီ ဆာရတ်ဖ် (Hossein Simaei Saraf) ၏ ပြောကြားချက်အရ ဖေဖော်ဝါရီ ၂၈ ရက် စစ်ပွဲစတင်ကတည်းက အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်ပေါင်း ၃၀ ကျော် ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

“တက္ကသိုလ်တွေနဲ့ သုတေသနဌာနတွေကို တိုက်ခိုက်တာဟာ အီရန်ကို ကျောက်ခေတ်ရောက်အောင် ပြန်ပို့ဖို့ ကြိုးစားတာပဲ ဖြစ်တယ်” ဟု ၎င်းက သမ္မတထရန့်၏ ခြိမ်းခြောက်မှုကို ရည်ညွှန်းကာ ပြင်းထန်စွာ ဝေဖန်ခဲ့သည်။
လွန်ခဲ့သည့် တစ်ပတ်ကလည်း အီရန်နိုင်ငံထုတ် ဂြိုဟ်တုများ (Domestic Satellites) တီထွင်ထုတ် လုပ်သည့် တီဟီရန် သိပ္ပံနှင့် နည်းပညာတက္ကသိုလ် (Science and Technology University) တိုက်ခိုက်ခံခဲ့ရသလို၊ သက်တမ်း ၁၀၀ ကျော်ပြီဖြစ်သော ပါစတာ အင်စတီကျု (Pasteur Institute) ဆေးဘက်ဆိုင်ရာ သုတေသနဌာနမှာလည်း ဗုံးကြဲခံရမှုကြောင့် ကာကွယ် ဆေးနှင့် ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများ ရပ်တန့်သွားခဲ့ရသည်။
လက်ရှိအချိန်အထိ အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် အီရန်နိုင်ငံအတွင်းရှိ စာသင် ကျောင်းများ၊ လူနေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား ၂,၀၀၀ ထက်မနည်း သေဆုံးခဲ့ပြီဖြစ်ကြောင်း အီရန်အာဏာပိုင်များက ထုတ်ပြန်ထားသည်။ နိုင်ငံတကာ ဥပဒေပညာရှင် ၁၀၀ ကျော်ကလည်း အရပ်ဘက် အခြေခံအဆောက် အအုံများကို ပစ်မှတ်ထားခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်း သတိပေးထားကြသည်။
သမ္မတထရန့်၏ တောင်းဆိုချက်ကို အီရန်က ငြင်း ဆန်ပြီး ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ဆို့ထားသည့်အတွက် အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်အရပ်သားများအပေါ် ကျယ်ပြန့်စွာ ရိုက်ခတ်မှုရှိစေမည့် စီးပွားရေးပစ်မှတ်များကို ပိုမိုဦးတည်တိုက် ခိုက်လာနေသည်။ စနေနေ့တွင် ရေနံကြွယ်ဝသော မာရှာ (Mahshahr) စက်မှုမြို့တော်ရှိ စီးပွားရေးဇုန်ကို အပြင်းအထန် ဗုံးကြဲခဲ့ရာ အီရန်၏ အရေးပါဆုံးသော ပို့ကုန်ဝင်ငွေရရှိရာ နေရာတစ်ခု ထိခိုက်ခဲ့ရသည်။

တီဟီရန်မြို့အနီးရှိ မဟာဗျူဟာမြောက် B1 တံတားကြီးသည် နှစ်ကြိမ်တိုင်တိုင် ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးသွားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၈ ဦး သေဆုံးပြီး ၉၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ တိုက်ခိုက်မှုဖြစ်ပွားချိန်သည် အီရန်တို့၏ ရိုးရာ “သဘာဝတရားနေ့” (Sizdah Bedar) အားလပ်ရက်ဖြစ်သဖြင့် အနီးနားတွင် အပန်းဖြေနေကြသော အရပ်သားမိသားစုများစွာ ထိခိုက်ခဲ့ရခြင်းဖြစ်သည်။
ဝါရှင်တန်သည် ဘူရှီးယား (Bushehr) နျူကလီး ယားစက်ရုံဝန်းကျင်ကိုလည်း ၄ ကြိမ်တိုင်တိုင် ဗုံးကြဲခဲ့ရာ စနေနေ့က တိုက်ခိုက်မှုတွင် လုံခြုံရေးဝန်ထမ်းတစ်ဦး သေဆုံးခဲ့သည်။ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ကမူ ၎င်းတို့အနေဖြင့် လုံးဝလက်နက်ချမည်မဟုတ်ဘဲ ဒေသတွင်းရှိ အမေရိကန်ပစ်မှတ်များကို လက်တုံ့ပြန်တိုက်ခိုက်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။
#IranWarUpdate #TargetingUniversities #ScienceAndTechnology #TrumpThreat #WarCrimes #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN