






(နိုင်ငံတကာ)ဧပြီ-၄
ထိုင်းနိုင်ငံ၊ ဖူးခက်နှင့် ဖန်ငခရိုင်များတွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများအတွင်း ဝှက်ထည့်ပို့ဆောင်သည့် စိတ်ကြွဆေးပြား ၃ သိန်းကျော်ကို အာဏာပိုင်များမှ ယမန်နေ့ ဧပြီလ ၃ ရက်တွင် သိမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (PPS.) နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မတ် ၃၀ မှ ဧပြီ ၃ ရက်အထိ ဆောင်ရွက်ခဲ့သော စစ်ဆင်ရေးတွင် နခွန်ပထုံမှ ပေးပို့သည့် အဲကွန်းပန်ကာ နှင့် အခြားအိမ်သုံးပစ္စည်းများအတွင်း ဝှက်ထားသော စိတ်ကြွဆေးပြား ၃၂၀,၀၀၀ ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ထိုင်းသတင်းတစ်ချို့က ဆိုသည်။
အမှုနှင့်ပတ်သက်၍ တရားခံ ၂ ဦးနှင့် ဘတ် ၉ သိန်း တန်ဖိုးရှိ ပစ္စည်းများကိုဖမ်းဆီးထားပြီး ယခုဖမ်းဆီးရမိသည့်ဂိုဏ်းသည် ပါဆယ်ပို့ဆောင်ရေးစနစ်ကို အသုံးပြု၍ အာဏာပိုင်များကို ရှောင်လွှဲရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသော ကွင်းဆက်များကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။