အမေရိကန်-အစ္စရေး တိုက်ခိုက်မှု ၃၆ ရက်မြောက်နေ့မှာ ဘာတွေဖြစ်နေလဲ  ?

(နိုင်ငံတကာသတင်းဆောင်းပါး)ဧပြီ ၃

     အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှု ၃၆ ရက်မြောက်နေ့တွင် အမေရိကန်စစ်လေယာဉ် နှစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း အီရန်က ကြေညာခဲ့သည်။ အမေရိကန်မီဒီယာများ၏ အဆိုအရ F-15E Strike Eagle တိုက် လေယာဉ်တစ်စင်းသည် အီရန်နိုင်ငံ Kohgiluyeh နှင့် Boyer-Ahmad ပြည်နယ်များအတွင်း ပျက်ကျခဲ့ပြီး၊ A-10 Warthog တိုက်လေယာဉ်တစ်စင်းမှာမူ ပင်လယ် ကွေ့အတွင်းသို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။

     အဆိုပါ လေယာဉ်ပျက်ကျမှုများအတွင်း အမေရိကန်လေသူရဲ နှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ကျန်ရှိနေသည့် လေသူရဲတစ်ဦးမှာမူ လက်ရှိအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်သည်။ အမေရိကန်စစ်ဘက်က ပျောက်ဆုံးနေသူကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ (Search and Rescue) အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေသည်။

     အဆိုပါ စစ်ရေးအောင်မြင်မှုသတင်းကြောင့် တီဟီရန်မြို့ရှိ အီရန်ပြည်သူများသည် လမ်းမများပေါ်သို့ ထွက်လာကြပြီး အစိုးရက “ကြီးမားသော စစ်ရေးအောင်မြင်မှု” ဟု တင်စားသည့် ဖြစ်စဉ်အပေါ် အောင် ပွဲခံ ဆန္ဒပြခဲ့ကြသည်။

     အီရန်တာဝန်ရှိသူများကမူ ယခုကဲ့သို့ အမေရိကန်လေယာဉ်များကို ပစ်ချနိုင်ခြင်းသည် ၎င်းတို့၏ စစ်ဘက်အခြေခံအဆောက်အအုံများ ပြင်းထန်စွာ ပျက် စီးသွားပြီဟု ထရန့်အစိုးရက ပြောကြားနေသော်လည်း အီရန်အနေဖြင့် အမေရိကန်နှင့် အစ္စရေးတပ်ဖွဲ့များကို ခုခံတိုက်ခိုက်နိုင်စွမ်း ရှိနေဆဲဖြစ်ကြောင်း သက်သေပြလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

အီရန်ဖက် အခြေအနေ

၁။   စစ်ရေးအရှိန် မြင့်တက်လာခြင်း:   အီရန်ဘက်က အမေရိကန်စစ်လေယာဉ် နှစ်စင်းကို ပစ်ချခဲ့ပြီးနောက် ပျောက်ဆုံးနေသည့် လေသူရဲကို ရှာဖွေရန် အမေရိကန်တပ်ဖွဲ့များက ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် စစ်ရေးအခြေအနေ ပိုမိုတင်းမာလာခဲ့သည်။ ရှာဖွေရေးတွင် ပါဝင်နေသည့် အမေရိကန် Black Hawk ရဟတ်ယာဉ်တစ်စင်းမှာလည်း အီရန်ဘက်မှ ပစ်ခတ်မှုကြောင့် ထိမှန်ခဲ့သော်လည်း ပျက်ကျခြင်းမရှိဘဲ ဆက်လက်ပျံသန်းနိုင်ခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။

​၂။   အီရန်၏ ကာကွယ်ရေးစနစ်သစ်:   အီရန်နိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များမှာ အတော်များများ ပျက်စီးသွားပြီဟု အမေရိကန်ဘက်က အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း၊ အီရန်ဘက်ကမူ ၎င်းတို့၏ “ခေတ်မီဆန်းသစ်သော ကာကွယ်ရေးစနစ်သစ်” ကြောင့် အမေရိကန်လေယာဉ်များကို ပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်ဟု တုံ့ပြန်ပြောကြားခဲ့သည်။

၃။   ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ: ဖေဖော် ဝါရီ ၂၈ ရက်နေ့ စစ်ပွဲစတင်ချိန်မှစ၍ လက်ရှိအချိန်အထိ အီရန်နိုင်ငံအတွင်း အနည်းဆုံး လူပေါင်း ၂,၀၇၆ ဦး သေဆုံးခဲ့ပြီး ၂၆,၅၀၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရန်တာဝန်ရှိသူများက ထုတ်ပြန်ထား သည်။ လူသားချင်းစာနာမှုဆိုင်ရာ ထိခိုက်မှုများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်တက်လျက်ရှိသည်။

စစ်ပွဲဆိုင်ရာ သံတမန်

၁။   သံတမန်ရေးရာ အကျပ်အတည်း:   အမေရိကန်ဘက်က ကမ်းလှမ်းလာသည့် “၄၈ နာရီကြာ အပစ်အခတ်ရပ်စဲရေး” အဆိုပြုချက်ကို အီရန်အစိုးရက ပယ်ချလိုက်ကြောင်း အီရန်အခြေစိုက် Fars သတင်းဌာနက သောကြာနေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါ သတင်းနှင့် ပတ်သက်၍ ဝါရှင်တန်ဘက်က တစ်စုံ တစ်ရာ အတည် ပြုပြောကြားခြင်း သို့မဟုတ် မှတ် ချက်ပေးခြင်း မရှိသေးပေ။

၂။   စကားလုံးစစ်ပွဲ ပြင်းထန်လာခြင်း:   အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန် (Masoud Pezeshkian) က   အမေရိကန်သည် သံတမန်ရေးရာတွင် ရိုးသားမှုရှိမရှိ မေးခွန်းထုတ်ခဲ့ပြီး ဝါရှင်တန်၏ “မျက်နှာနှစ်ဖက်ရှိသော မူဝါဒ” ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ မကြာသေးမီက အီရန်အဆင့်မြင့်အရာရှိကြီးတစ်ဦး၏ နေအိမ်အား အမေရိကန်-အစ္စရေးတို့ တိုက်ခိုက်မှုကြောင့် အဆိုပါအရာရှိ၏ ဇနီးဖြစ်သူ သေဆုံးခဲ့ရသည့် ဖြစ်စဉ်ကို ရည်ညွှန်းလျက် “ဘယ်ဘက်က ဆွေးနွေးပွဲကို ဦးတည်ပြီး ဘယ်ဘက်က အကြမ်းဖက်မှုကို လုပ် ဆောင်နေသလဲဆိုတာ ကမ္ဘာက ဆုံးဖြတ်ပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

၃။   ကမ္ဘာ့နိုင်ငံများသို့ တိုက်တွန်းချက်:   အီရန်အား “ကျောက်ခေတ်ရောက်အောင် ဗုံးကြဲမည်” ဟူသော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ သမ္မတ ပီဇက်ရှ်ကီယန်က ဖင်လန်သမ္မတနှင့် ဆွေးနွေးခဲ့သည်။ ထရန့်၏ ပြောကြားချက်သည် “ကြီးမားသော စစ်ရာဇဝတ်မှု” ကျူးလွန်ရန် ရည်ရွယ် ချက်ရှိရှိ ဝန်ခံလိုက်ခြင်းဖြစ်ကြောင်းနှင့် ဤကဲ့သို့သော လုပ်ရပ်များအပေါ် နိုင်ငံတကာမိသားစုစုအနေဖြင့် ကြားနေအဖြစ် မနေကြရန် ၎င်းက သတိပေးခဲ့သည်။

ပင်လယ်ကွေ့ဒေသ အခြေအနေ

၁။   အာရပ်စော်ဘွားများပြည်ထောင်စု (UAE) – ဓာတ် ငွေ့စက်ရုံတွင် လူတစ်ဦး သေဆုံး:   အဘူဒါဘီမြို့ရှိ Habshan ဓာတ်ငွေ့စက်ရုံဝင်းအတွင်းသို့ ကြားဖြတ်ဟန့်တားခဲ့သည့် လက်နက်အကြွင်းအကျန်များ ကျရောက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အီဂျစ်နိုင်ငံသား တစ်ဦး သေဆုံးကာ အခြားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရမီဒီယာရုံးက ထုတ်ပြန်ခဲ့သည်။ အဆို ပါ အီဂျစ်နိုင်ငံသားသည် စိုက်ပျိုးရေးလုပ်ငန်းခွင်မှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေစဉ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

၂။   ကူဝိတ် (Kuwait) – ရေနံချက်စက်ရုံနှင့် ရေသန့်စက်ရုံများ တိုက်ခိုက်ခံရ:   အီရန်၏ တိုက်ခိုက်မှုများကြောင့် ကူဝိတ်နိုင်ငံရှိ ရေနံချက်စက်ရုံ (Mina al-Ahmadi) နှင့် ရေငန်မှ ရေချိုထုတ်လုပ်သည့် စက်ရုံ (Desalination Plant) တစ်ခုတို့တွင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။ သို့သော်လည်း အီရန်ဘက်ကမူ ၎င်းတို့အနေဖြင့် သောက်သုံးရေထုတ်လုပ်သည့် စက်ရုံများကို ပစ်မှတ်ထားခြင်းမရှိဟု ငြင်းဆိုထားသည်။

၃။   ဘာရိန်း (Bahrain) – စစ်ထရာဒေသတွင် ဒရုန်းများ ကြားဖြတ်ဟန့်တား:   ဘာရိန်းနိုင်ငံ စစ်ထရာ (Sitra) ဒေသတွင် အီရန်ဘက်မှ လွှတ်တင်လိုက်သော ဒရုန်းများကို ကြားဖြတ်ဟန့်တားစဉ်အတွင်း လက်နက်အကြွင်းအကျန်များ ကျရောက်ခဲ့သဖြင့် အရပ်သားလေးဦး ဒဏ်ရာရရှိကာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ သောကြာနေ့မှစ၍ ဘာရိန်းနိုင်ငံတစ်ဝှမ်းတွင် သတိ ပေးဥဩသံများ ငါးကြိမ်ထက်မနည်း ထွက်ပေါ်ခဲ့သည်။

အမေရိကန်ဖက် အခြေအနေ

၁။   လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ ထရန့်အား အစီရင်ခံခြင်း:   အီရန်နိုင်ငံအတွင်း အမေရိကန်စစ်လေယာဉ်တစ်စင်း ပစ်ချခံရမှုနှင့် ပတ်သက်၍ သမ္မတ ထရန့်အား အသေးစိတ် အစီရင်ခံတင်ပြထားပြီးဖြစ် ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ ပျောက် ဆုံးနေသည့် လေသူရဲကို ရှာဖွေရန် အကြီးစား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေရသကဲ့သို့ အခြားလေသူရဲတစ်ဦးကိုမူ ကယ်ဆယ်နိုင်ခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြသည်။ တစ်ဖက်တွင်လည်း အီရန်စစ်တပ်က ပျောက်ဆုံးနေသော အမေရိကန်လေသူရဲကို ရှာဖွေဖမ်းဆီးရန် ကြိုးပမ်းနေသည်။

၂။   ဝါဒဖြန့်ချိရေးအပေါ် ရိုက်ခတ်မှု:   နိုင်ငံရေးလေ့ လာဆန်းစစ်သူ ဖိလစ် ဘင်းနစ် (Phyllis Bennis) က ယခုကဲ့သို့ အဆင့်မြင့်တိုက်လေယာဉ် ပစ်ချခံရပြီး လေသူရဲပျောက်ဆုံးနေခြင်းသည် အိမ်ဖြူတော်အတွက် စစ်ပွဲအပေါ် ပြည်သူ့ထောက်ခံမှု (အထူး သဖြင့် ထရန့်၏ MAGA အမာခံများအကြား) ရရှိရန် ပိုမိုခက်ခဲသွားစေနိုင်ကြောင်း သုံးသပ်သည်။ ဤဖြစ်စဉ်သည် စစ်ရေးအင်အား မမျှတမှုကို မပြောင်းလဲနိုင်သော်လည်း “ဝါဒဖြန့်ချိရေးဆိုင်ရာ တွက်ချက်မှုများ” (Propagan -da Equation) ကိုတော့ ပြောင်းလဲသွားစေနိုင်သည်ဟု ၎င်းက Al Jazeera သို့ ပြောကြားခဲ့သည်။

၃။   စံချိန်တင် စစ်အသုံးစရိတ် တောင်းခံခြင်း:   အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲစရိတ်များ မြင့်တက်လာခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးတာဝန်များကြောင့် သမ္မတ ထရန့်သည် ၂၀၂၇ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၁.၅ ထရီလီယံ ရှိသော အလွန်ကြီးမားသည့် ကာကွယ်ရေးအသုံးစရိတ်ကို အတည်ပြုပေးရန် လွှတ် တော်အမတ်များကို တောင်းဆိုလိုက်သည်။

အစ္စရေးဖက် အခြေအနေ

၁။   အစ္စရေးအပေါ် တိုက်ခိုက်မှုများ:   အီရန်နိုင်ငံသည် အစ္စရေးတောင်ပိုင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ နီဂတ်ဗ် (Negev) ဒေသရှိ စက်မှုဇုန်တစ်ခုတွင် မီးလောင်မှုများ ဖြစ်ပွားခဲ့သည်။

၂။   စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုများ:   အီရန်၊ ဂါဇာနှင့် လက်ဘနွန်တို့တွင် တစ်ပြိုင်နက်ဖြစ်ပွားနေသော စစ်ပွဲများကြောင့် အစ္စရေးနိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ ၁၁၂ ဘီလီယံ ခန့် ကုန် ကျခဲ့ပြီး နိုင်ငံ၏ စီးပွားရေးတွင် သိသာထင်ရှားသော အက်ကြောင်းများ ပေါ်ပေါက်လာခဲ့သည်။ အရပ်သားများ၏ နေ့စဉ်ဘဝမှာလည်း အကြီးအကျယ် အနှောင့် အယှက်ဖြစ်နေရပြီး တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများကိုလည်း ပိတ်ထားရဆဲဖြစ်သည်။

၃။   နိုင်ငံရေးအပြောင်းအလဲနှင့် ပြည်သူ့သဘော ထား: စစ်ပွဲကြောင့် ထိခိုက်မှုများရှိနေသော်လည်း အစ္စရေးဂျူးလူမျိုး ၇၈ ရာခိုင်နှုန်း မှာ အီရန်နှင့်ဖြစ် ပွားနေသော စစ်ပွဲကို ဆက်လက်ထောက်ခံနေကြဆဲဖြစ်သည်။ သို့သော်လည်း ဤထောက်ခံမှုမှာ ရေရှည်တွင် လျော့ပါးသွားနိုင်ကြောင်း စစ်တမ်းကောက်ယူသူများက သတိ ပေးထားသည်။ လက်ရှိတွင် အစ္စရေးအစိုးရသည် လက် ယာစွန်းဝါဒဘက်သို့ ပိုမိုယိမ်းယိုင်လာနေပြီး ဒေါ်လာ ၂၇၁ ဘီလီယံ ရှိသော စံချိန်တင်ဘတ်ဂျက်ကို အတည် ပြုခဲ့သလို၊ ပါလက်စတိုင်းအကျဉ်းသားများကို ပစ်မှတ်ထားသည့် အငြင်းပွားဖွယ် “သေဒဏ်ပေးရေးဥပဒေ” ကိုလည်း မကြာသေးမီကပင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။

ဆီးရီးယားနှင့် လက်ဘနွန် အခြေအနေ

၁။   ဆီးရီးယားတွင် လူသေဆုံးမှု:   အစ္စရေးက သိမ်း ပိုက်ထားသော ဂိုလန်ကုန်းမြင့် (Golan Heights) အနီးရှိ ဆီးရီးယားနိုင်ငံတောင်ပိုင်း ကူနိုက်တြာ (Quneitra) ပြည်နယ်အတွင်းသို့ အစ္စရေးဘက်မှ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယားအစိုးရပိုင်မီဒီယာက သတင်းထုတ်ပြန်ခဲ့သည်။

၂။   လက်ဘနွန်စစ်မျက်နှာ:   အစ္စရေးစစ်တပ်သည် လက်ဘနွန်နိုင်ငံ ဗီကာတောင်ကြား (Bekaa Valley) ရှိ အလွန်အရေးပါသော တံတားကြီးနှစ်စင်းကို ဗုံးကြဲဖျက်ဆီးခဲ့သည်။ တစ်ဖက်တွင်လည်း ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့က လက်ဘနွန်တောင်ပိုင်းရှိ အစ္စရေးစစ်သည်များနှင့် အမြောက်တပ်ဖွဲ့များကို ဒုံးကျည်များဖြင့် အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့၏ စစ်ဆင်ရေးအောင်မြင်မှုအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။

စက်သုံးဆီ၊ စွမ်းအင်နှင် ​စားသောက်ကုန်အခြေအနေ

၁။   သြစတြေးလျတွင် စက်သုံးဆီ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရခြင်း:   သြစတြေးလျအစိုးရသည် အီစတာ (Easter) ရုံးပိတ်ရက်ကာလအတွင်း ခရီးဝေးသွားမည့်သူများအနေဖြင့် မြို့ကြီးများရှိ ဆီဆိုင်များတွင် ကြို တင်ဖြည့်တင်းထားကြရန် နှိုးဆော်လိုက်သည်။ စွမ်း အင်ဝန်ကြီး ခရစ် ဘိုဝင် (Chris Bowen) က နိုင်ငံတစ်ဝှမ်းရှိ ကျေးလက်မြို့ငယ်များမှ စက်သုံးဆီဆိုင် ရာပေါင်းများစွာတွင် ဒီဇယ်ဆီများ ပြတ်လပ်နေပြီဖြစ် ကြောင်း ပြောကြားခဲ့သည်။

၂။   ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်း:   ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ထုတ်ပြန်ချက်အရ နိုင်ငံတကာ စားသောက် ကုန်ဈေးနှုန်း အညွှန်းကိန်း (Food Price Index) သည် မတ်လအတွင်း ၂.၄ ရာခိုင်နှုန်း ထပ်မံမြင့်တက်ခဲ့သည်။ ၎င်းသည် ကမ္ဘာတစ်ဝှမ်းရှိ အခြေခံစားသောက် ကုန်များ၏ လစဉ်ဈေးနှုန်းပြောင်းလဲမှုကို တိုင်းတာခြင်းဖြစ်ပြီး စစ်မီးဂယက်ကြောင့် ကုန်ကျ စရိတ်များ ပိုမိုကြီးမြင့်လာခြင်း ဖြစ်သည်။

၃။    ပါကစ္စတန်တွင် ဘတ်စ်ကားများ အခမဲ့စီးနင်းခွင့်ပြုခြင်း:   ပါကစ္စတန်နိုင်ငံ မြို့တော်နှင့် လူဦးရေအထူထပ်ဆုံး ပြည်နယ်များတွင် အစိုးရပိုင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်များကို လာမည့်တစ်လအတွင်း အခမဲ့ (Free) စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း သောကြာနေ့တွင် တာဝန်ရှိသူများက ကြေညာခဲ့သည်။ ၎င်းသည် လောင်စာဆီဈေးနှုန်းကြီးမြင့်မှုဒဏ် ခံနေရသည့် ပြည်သူများကို ကူညီရန် စီစဉ်ခြင်းဖြစ်သည်။

     ပင်လယ်ကွေ့ဒေသရှိ ယူအေအီး ဓာတ်ငွေ့စက်ရုံနှင့် ကူဝိတ်ရှိ ရေနံချက်စက်ရုံများလည်း တိုက်ခိုက်ခံရခြင်းကြောင့် စွမ်းအင်ကဏ္ဍတွင် စိုးရိမ်ဖွယ်ရာများ ဖြစ်ပေါ်လျက်ရှိသည်။

(Al Jazeera သတင်းဌာနမှ Elizabeth Melimopoulos and AFP တို့၏ Iran war: What is happening on day 36 of US-Israeli attacks?  သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)

​​​#IranWarDay36 #USMilitaryLoss #TrumpBudget #IsraelDeathPenalty #GlobalInflation #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN