
(နိုင်ငံတကာသတင်းဆောင်းပါး)ဧပြီ ၃
အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်လာကြပြီး၊ အီရန်မြို့တော် တီဟီရန်နှင့် မြို့ပတ်ဝန်းကျင်ရှိ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား တိုက် ခိုက်လျက်ရှိသည်။ ဝါရှင်တန်အနေဖြင့် အီရန်အစိုးရအပေါ် ဖိအားများ တိုးမြှင့်နေသကဲ့သို့ စစ်မီးသည်လည်း ဒေသတွင်းသို့ ပိုမိုပျံ့နှံ့လျက်ရှိသည်။
တစ်ဖက်တွင်လည်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက် (Pete Hegseth) သည် အမေရိကန်ကြည်းတပ်၏ အမြင့်ဆုံးအဆင့်ရှိ ဗိုလ်ချုပ်ကြီးနှင့် အခြားအဆင့်မြင့်အရာရှိကြီး နှစ်ဦးကို ရုတ် တရက် ရာထူးမှ ထုတ်ပယ်လိုက်သည်။ ဤလုပ်ရပ်သည် စစ်ပွဲကာလအတွင်း စစ်ဘက်ခေါင်းဆောင်ပိုင်းကို အကြီးအကျယ် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်မှုများ ထွက်ပေါ်နေသည်။
အီရန်အခြေအနေ
၁။ တိုက်ခိုက်မှုများ အရှိန်မြှင့်တင်ခြင်း: အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်လာရာ တီဟီရန်မြို့ရှိ နှစ်ပေါင်းတစ်ရာသက်တမ်းရှိ ဆေးဘက်ဆိုင်ရာ သုတေသနစင်တာတစ်ခု၊ သံမဏိစက်ရုံများနှင့် မြို့တော်အနီးရှိ တံတားကြီးတစ်စင်းတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

၂။ တံတားအား တိုက်ခိုက်မှုအပေါ် အငြင်းပွားခြင်း: ဝါရှင်တန်ဒီစီရှိ Al Jazeera သတင်းထောက် ရိုဆလင်ဂျော်ဒန် (Rosiland Jordan) ၏ အဆိုအရ အမေရိကန်တာဝန်ရှိသူများက အဆိုပါတံတားသည် အီရန်စစ်တပ်၏ ဒရုန်းထုတ်လုပ်ရေးပစ္စည်းများ သယ်ယူပို့ ဆောင်ရာတွင် အသုံးပြုနေခြင်းကြောင့် တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော် အီရန်ဘက်ကမူ ၎င်းတံတားသည် အရပ်ဘက်သုံး အခြေခံအဆောက် အအုံသာဖြစ်ကြောင်း ငြင်းဆိုထားပြီး၊ အကယ်၍ အီရန်၏ပြောကြားချက်သာ မှန်ကန်ပါက ဤတိုက်ခိုက်မှုသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်း ဖြစ်လိမ့်မည်။
၃။ ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ: စစ်ပွဲအတွင်း လူသားချင်းစာနာမှုဆိုင်ရာ ထိခိုက်မှုများမှာ ဆက်လက်မြင့်တက်နေပြီး အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် အီရန်တွင် အနည်းဆုံး လူပေါင်း ၂,၀၇၆ ဦး သေဆုံးခဲ့ကာ ၂၆,၅၀၀ ဦး ဒဏ်ရာရရှိခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှစ၍ ကျောင်းများနှင့် ပညာရေးစင်တာပေါင်း ၆၀၀ ကျော် တိုက်ခိုက်ခံခဲ့ရကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၄။ အီရန်၏ တုံ့ပြန်မှုနှင့် သတိပေးချက်: ရန်သူများဘက်က “အရှက်တကွဲဖြစ်ခြင်း” နှင့် “လက်နက်ချခြင်း” တို့နှင့် မရင်ဆိုင်ရမချင်း ဤစစ်ပွဲသည် ဆက် လက်ရှိနေဦးမည်ဟု အီရန်စစ်တပ်က ကြေညာထား သည်။ အထူး သဖြင့် အမေရိကန်အနေဖြင့် အီရန်မြေပြင်ပေါ်သို့ ခြေလျင်တပ်များဖြင့် ကျူးကျော်ဝင်ရောက်ခြင်း (Ground Invasion) မပြုလုပ်ရန် ပြင်း ပြင်းထန်ထန် သတိပေးထားသည်။
၅။ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်: “အီရန်လူမျိုးတွေအတွက် အရေးကြီးဆုံးက ဒီကျူး ကျော်မှုကို ခုခံကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ မြေပြင်တိုက်ခိုက်မှု အပါ အဝင် ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို ရင်ဆိုင်ဖို့ ကျွန်တော်တို့ အဆင်သင့်ပါပဲ” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
၆။ ပါကစ္စတန်၏ စေ့စပ်ညှိနှိုင်းမှု: ဝါရှင်တန်နှင့် တီဟီရန်တို့အကြား စစ်ပွဲအဆုံးသတ်နိုင်ရေးအတွက် ဆက် လက်တိုက်တွန်းသွားမည်ဖြစ်ကြောင်း ပါကစ္စတန်အစိုးရက ပြောကြားခဲ့သော်လည်း ငြိမ်းချမ်းရေးကြိုးပမ်းမှုတွင် “အတားအဆီးများ” ရှိနေသည်ဟု ဝန်ခံခဲ့သည်။
အကယ်၍ အမေရိကန်၏ သတ်မှတ်ချက်များကို အီရန်က လက်မခံပါက ဗုံးကြဲတိုက်ခိုက်မည်ဟု သမ္မတ ထရန့်က ခြိမ်းခြောက်ပြီးနောက် နာရီပိုင်းအကြာတွင် ပါကစ္စတန်ဘက်က ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။
၇။ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေး ဆွေးနွေးပွဲများ: ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ (LNG) ၂၀ ရာ ခိုင်နှုန်းခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားသဖြင့် ရေနံဈေးနှုန်းမှာ တစ်စည်လျှင် ဒေါ်လာ ၁၀၀ ကျော်အထိ မြင့်တက်နေသည်။ ယင်းရေလက်ကြားကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ဗြိတိန်နိုင်ငံက နိုင်ငံပေါင်း ၄၀ ခန့်နှင့် ဆွေးနွေးနေသော်လည်း အမေရိကန်ကမူ အဆိုပါဆွေးနွေးပွဲတွင် ပါဝင်ခြင်းမရှိပေ။
၈။ အင်အားသုံးရန် တိုက်တွန်းခြင်း: ပင်လယ်ကွေ့ ပူး ပေါင်းဆောင်ရွက်ရေးကောင်စီ(GCC)၏ အထွေ ထွေ အတွင်းရေးမှူးချုပ်ကမူ အီရန်၏ တိုက်ခိုက်မှုများမှ ဟော်မုဇ်ရေလက်ကြားကို အကာအကွယ်ပေးရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် အင်အားသုံးခွင့်ပြုရန် တိုက်တွန်းခဲ့သည်။
၉။ အမေရိကန်၏ သံတမန်ရေးရာ ရပ်တည်ချက်: သမ္မတ ထရန့်သည် အီရန်နှင့် သံတမန်နည်းအရ ဆွေး နွေးရန် “အမြဲတမ်း လမ်းဖွင့်ထားသည်” ဟု အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနက ဆိုသည်။ သို့သော် လည်း ဝါရှင်တန်အနေဖြင့် အီရန်သည် နျူကလီးယားလက်န က် ထုတ်လုပ်ရန် ကြိုးပမ်းနေသည်ဟု ဆက် လက်စွပ်စွဲထားဆဲဖြစ်သည်။
၁၀။ ဖိလစ်ပိုင်သင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းခွင့်ရရှိခြင်း: ဖိလစ်ပိုင်အစိုးရသည် အီရန်နှင့် ဆွေး နွေးပြီးနောက် ၎င်းတို့၏ သင်္ဘောများအား ဟော်မုဇ်ရေလက် ကြားကို ဘေးကင်းစွာ ဖြတ်သန်းခွင့်ပေးမည်ဟု ကတိပြုချက်ရရှိခဲ့ကြောင်း Al Jazeera သတင်း ထောက် ပက်ထရစ်ဖော့ခ် (Patrick Fok) က သတင်း ပေးပို့ခဲ့သည်။ ဖိလစ်ပိုင်သည် “ရန်လိုမှုမရှိသောနိုင်ငံ” (Non-hostile status) အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ဖိလစ်ပိုင်အလံတင်သင်္ဘောများ၊ စွမ်းအင်ကုန်စည်များနှင့် သင်္ဘောသားများအား အနှောင့်အယှက်မရှိ ဘေးကင်းမြန်ဆန်စွာ ဖြတ်သန်းခွင့်ပြုမည်ဟု အီရန်ဘက်က ကတိပေးခဲ့သည်။
ပင်လယ်ကွေ့ဒေသအခြေအနေ
၁။ အာရပ်စော်ဘွားများပြည်ထောင်စု (UAE): ယူအေအီးနိုင်ငံအတွင်းသို့ လက်နက်အကြွင်းအကျန် အပိုင်း အစများ (Shrapnel) ကျရောက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စိုက်ပျိုးရေးအလုပ်သမားတစ်ဦး သေဆုံးခဲ့သည်။
၂။ ဘာရိန်း (Bahrain): ဘာရိန်းနိုင်ငံတွင် အန္တရာယ်ရှိကြောင်း သတိပေးဥဩသံများ အကြိမ်ကြိမ်ထွက်ပေါ်ခဲ့ပြီး ဒေသခံပြည်သူများအား ဘေးကင်းရာခိုလှုံရာနေရာများသို့ သွားရောက်ရန် ညွှန်ကြားထားသည်။ ဆား (Saar) မြို့အနီးရှိ အဝေးပြေးလမ်းမပေါ်သို့ ပေါက်ကွဲမှုအကြွင်းအကျန်များ ကျရောက်ခဲ့သဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ပြီး အခြားလမ်း ကြောင်းများမှ ပတ်သွားကြရန် ဝန်ကြီးဌာနက နှိုး ဆော်ထားသည်။
၃။ ဆော်ဒီအာရေးဗီးယား (Saudi Arabia): ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့နိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် အီရန်ဘက်မှ ဒရုန်း (Drone) တစ်စင်းကို ကြားဖြတ်ဟန့်တားကာ ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
၄။ ကူဝိတ် (Kuwait): ကူဝိတ်နိုင်ငံရှိ လေဆိပ်တွင် မီး လောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။
အမေရိကန်ဖက်အခြေအနေ
၁။ စစ်ဘက်ခေါင်းဆောင်ပိုင်းကို အပြောင်းအလဲလုပ်ခြင်း: အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက် (Pete Hegseth) သည် ကြာသပတေးနေ့တွင် ကြည်း တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရန်ဒီ ဂျော့ချ် (Randy George) ကို ရာထူးမှ ချက်ချင်းထုတ်ပယ်လိုက်သည်။ ထို့ပြင် ဗိုလ်ချုပ်ကြီး ဒေးဗစ် ဟော့ဒ် (David Hodne) နှင့် ဗိုလ်ချုပ် ဝီလျံ ဂရင်း ဂျူနီယာ (William Green Jr) တို့ကိုလည်း ရာထူးမှ ဖယ်ရှားခဲ့သည်။ ဤလုပ်ရပ်သည် သမ္မတ၏ မူဝါဒလမ်းစဉ်များနှင့် ပိုမိုကိုက်ညီမည့် စစ်ဘက်ခေါင်းဆောင်သစ်များကို အစားထိုးရန် ရည် ရွယ်ခြင်းဖြစ်သည်ဟု သုံးသပ်ရသည်။

၂။ ထရန့်၏ ပြင်းထန်သော ရာဇသံ: သမ္မတ ထရန့်သည် အီရန်အပေါ် ၎င်း၏ ပြောဆိုမှုများကို ပိုမိုတင်း မာလာစေပြီး အီရန်ကို “ကျောက်ခေတ်ရောက်အောင်” (Stone ages) ဗုံးကြဲတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ အမေရိကန်စစ်တပ်အနေဖြင့် အဓိက အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားရန် “မစတင်ရသေးကြောင်း” နှင့် အကယ်၍ အီရန်က အမေရိကန်၏ ကမ်းလှမ်းချက်များကို လက်မခံပါက တံတားများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် စွမ်းအင်ကဏ္ဍများကို ဆက်လက်ဖျက်ဆီးသွားမည်ဟု သတိပေးခဲ့သည်။
၃။ အမေရိကန်စစ်တပ်၏ ထိခိုက်သေဆုံးမှု: စစ်ပွဲအတွင်း အမေရိကန်စစ်သည် ၁၃ ဦး တိုက်ပွဲတွင် ကျဆုံးခဲ့ပြီး ၂ ဦးမှာ အခြားအကြောင်းရင်းဖြင့် သေဆုံးခဲ့ကာ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
၄။ လေယာဉ်တင်သင်္ဘော နေရာရွှေ့ပြောင်းခြင်း: အမေရိကန် ရေတပ်၏ USS Gerald R. Ford လေ ယာဉ်တင် သင်္ဘောသည် ခရိုအေးရှားနိုင်ငံ ဆိပ်ကမ်းတွင် ၅ ရက်ကြာ ရပ်နားပြီးနောက် ထွက်ခွာသွားပြီဖြစ်သည်။ ၎င်း၏ နောက်ထပ် ဦးတည်ရာကို ထုတ် ဖော်ပြောကြားခြင်း မရှိသော်လည်း ဒေသတွင်း စစ်ရေးပြင်ဆင်မှုများအတွက် နေရာပြန်လည်ချထားခြင်း ဖြစ်နိုင်သည်။
၅။ အီရန်နွယ်ဖွား အမေရိကန်သားများ၏ သဘော ထား: National Iranian American Council (NIAC) ၏ စစ်တမ်းအရ အီရန်နွယ်ဖွား အမေရိကန်နိုင်ငံသား ၆၆ ရာခိုင်နှုန်းကျော်သည် ၎င်းတို့၏ မိခင်နိုင်ငံအပေါ် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲဆင်နွှဲမှုကို ကန့်ကွက်ကြပြီး ၃၂.၇ ရာခိုင်နှုန်းကသာ ထောက်ခံကြသည်။
အစ္စရေးအခြေအနေ
၁။ အစ္စရေးပြည်တွင်း အခြေအနေ: အစ္စရေးနိုင်ငံတွင် သတိပေးဥဩသံများသည် “နေ့စဉ်ဘဝ၏ အစိတ် အပိုင်းတစ်ခု” ကဲ့သို့ ဖြစ်လာနေသည်။ အထူး သဖြင့် လူဦးရေ သန်းနှင့်ချီ နေထိုင်ရာ တဲလ်အဗီးဗ် (Tel Aviv) ဒေသတွင် ဒေသခံများသည် ခိုလှုံရာနေရာများသို့ အကြိမ်ကြိမ် သွားရောက်နေရကြောင်း Ramallah မြို့အနီးရှိ Al Jazeera သတင်းထောက် နူးရ် အိုဒေး (Nour Odeh) က သတင်းပေးပို့ထားသည်။ အက်ရှ်ဒေါ့ဒ် (Ashdod) နှင့် အက်ရှ်ကလွန် (Ashkelon) မြို့များတွင်လည်း သတိပေးဥဩသံများ ထွက်ပေါ်နေပြီး စာသင်ကျောင်းများကို အွန်လိုင်းမှတစ်ဆင့် သင်ကြားနေရကာ လေဆိပ်လုပ်ငန်းစဉ်များကိုလည်း လျှော့ချထားရသည်။ အစ္စရေးသည် အီရန်၏ မဟာ ဗျူဟာမြောက် စက်မှုလုပ်ငန်းများကို တိုက်ခိုက်မှုများ တိုးမြှင့်နေသကဲ့သို့ ကာလရှည်စစ်ပွဲအတွက်လည်း ပြင်ဆင်နေသည်။
၂။ မြောက်ပိုင်းစစ်မျက်နှာ (ဟစ်ဇ်ဘိုလာနှင့် တိုက်ပွဲများ): အစ္စရေးမြောက်ပိုင်းတွင် ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့နှင့် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။ ဟစ်ဇ်ဘိုလာအဖွဲ့၏ ထုတ်ပြန်ချက်အရ ၎င်းတို့သည် ၂၄ နာရီအတွင်း အစ္စရေးအပေါ် စစ်ဆင်ရေးပေါင်း ၆၀ ကျော် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ မာကီးယား (Malkia)နှင့် ဒီရွန်(Dishon) ဒေသရှိ အစ္စရေးတပ်ဖွဲ့များ စုဝေးရာနေရာများကို ဒုံးကျည်များဖြင့် ပစ်ခတ်ခြင်း၊ ဘီယာဒါ (Biyyada) တွင် ဖောက်ခွဲရေးပစ္စည်းဖြင့် တိုက်ခိုက်ခြင်းများ ပါဝင်သည်။ ထို့ပြင် အဆိုပါ တိုက်ခိုက်မှုများအတွင်း အစ္စရေးတင့်ကား ၄ စီးကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ဟစ်ဇ်ဘိုလာဘက်က ဆိုသည်။
အီရတ်၊ ဆီးရီးယားနှင့် လက်ဘနွန် အခြေအနေ
၁။ အီရတ်ရှိ အမေရိကန်စခန်းများ ပစ်မှတ်ထားခံရခြင်း: အီရတ်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် Saraya Awliya al-Dam က ပြီးခဲ့သည့် ၂၄ နာရီအတွင်း အမေရိကန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ခြောက်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့၏ Telegram ချန်နယ်မှတစ်ဆင့် ထုတ်ပြန် ကြေညာခဲ့သည်။
၂။ ဆီးရီးယားစစ်မျက်နှာ: အစ္စရေးသည် ဆီးရီးယားတောင်ပိုင်းတစ်ခွင်သို့ ၎င်း၏ ကျူးကျော်တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ တစ်ဖက်တွင်လည်း ဆီးရီးယားအစိုးရက ဟစ်ဇ်ဘိုလာအဖွဲ့ထံ လက် နက်များ မှောင်ခိုပို့ဆောင်ရာတွင် အသုံးပြုသည့် လိုဏ် ဂူနှစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ပိတ်ဆို့လိုက်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ပါလက်စတိုင်းအကျဉ်းသားအချို့ကို သေဒဏ်ပေးမည့် အစ္စရေး၏ ဥပဒေသစ်အပေါ် ဆီးရီးယားအတွင်း ကန့်ကွက်ဆန္ဒပြမှုများကို ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က ချီးကျူးစကားဆိုခဲ့သည်။
၃။ လက်ဘနွန်ရှိ စိုးရိမ်ဖွယ်ရာ အိုးအိမ်စွန့်ခွာမှုများ: အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား တိုက်ပွဲများကြောင့် လက်ဘနွန်တွင် ရေရှည်အိုးအိမ်စွန့်ခွာ ထွက် ပြေးရမည့်အခြေအနေမှာ “အလွန်စိုးရိမ်ဖွယ်ကောင်း” ကြောင်း အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာနေထိုင်သူများအဖွဲ့ (IOM) အကြီးအကဲ အေမီ ပုပ် (Amy Pope) က သတိပေးလိုက်သည်။ “လက်ဘနွန်တောင်ပိုင်းက အချို့နေရာတွေဟာ မြေလှန်ဖျက်ဆီးခံနေရပြီ” ဟု ၎င်းက AFP သတင်းဌာနသို့ ပြောကြားခဲ့ပြီး စစ်ပွဲသည် ယခုချက်ချင်း ရပ်တန့်သွားလျှင်ပင် ပျက်စီးဆုံးရှုံးမှုများပြားလွန်းသဖြင့် လူအများအပြားမှာ နေရပ်သို့ ပြန်နိုင်တော့မည်မဟုတ်ကြောင်း သတိပေးခဲ့သည်။
(Al Jazeera သတင်းဌာနမှ Elizabeth Melimopoulos and AFP တို့၏ Iran war: What is happening on day 35 of US-Israeli attacks? သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)
#IranWarDay35 #TehranAttacks #MilitaryPurge #HormuzStrait #OilPrices #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN