“မြစ်ကြီးနားလေဆိပ် ဧပြီ ၅ မှ ပြန်ဖွင့်၊ လက်မှတ်ဈေးမြင့်တက်ပြီး ခရီးသည်များ အခက်ကြုံ”

(ပြည်တွင်း) ဧပြီ ၁

တစ်လကျော်ကြာ ရပ်နားထားခဲ့သည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားလေဆိပ်တွင် လေယာဉ်ပြေးဆွဲမှုများကို ဧပြီလ ၅ ရက်နေ့မှ စတင်ကာ ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ ဧပြီ ၅ ရက်နှင့် ၈ ရက်အတွက် လေယာဉ်လက်မှတ်များကို စတင်ရောင်းချနေပြီဖြစ်ပြီး အခြားလေကြောင်းလိုင်းများမှာ လက်ရှိအထိ ပြေးဆွဲမှု မစတင်သေးကြောင်း လေယာဉ်လက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


MNA သာပြေးဆွဲမည်ဖြစ်ပြီး လက်မှတ်တွေကို နှစ်ရက်စာသာ ချထားပေးထားကြောင်းသိရပြီး လက်မှတ်လိုအပ်ချက်များ မြင့်တက်လာမှုကြောင့် ဈေးနှုန်းများလည်း မြင့်တက်လာပြီး ဧပြီ ၅ ရက်နှင့် ၈ ရက်အတွက် လက်မှတ်များမှာ အကုန်လုံး ရောင်းကုန်သွားပြီဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် မန္တလေး–မြစ်ကြီးနား ခရီးစဉ်အတွက် လက်မှတ်ဈေးနှုန်းများမှာ ကျပ် ၆၇၀,၀၀၀ မှ ၇၀၀,၀၀၀ အထိရှိနေပြီး ရန်ကုန်–မြစ်ကြီးနား ခရီးစဉ်အတွက်လည်း ကျပ် ၈၇၀,၀၀၀ မှ ၉၀၀,၀၀၀ အထိ မြင့်တက်လာကြောင်း သိရသည်။


မြစ်ကြီးနားလေဆိပ်ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ စတင်ကာ MNA ခရီးသည်တင်လေယာဉ်တစ်စင်း ဒရုန်းတိုက်ခိုက်ခံရပြီးနောက် လေကြောင်းခရီးစဉ်များကို ရပ်နားထားခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် တစ်လကျော်ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။


လေဆိပ်ပြန်လည်ဖွင့်လှစ်ခြင်းနှင့်အတူ ခရီးသည်များအနေဖြင့် လက်မှတ်ရရှိမှုနှင့် ဈေးနှုန်းမြင့်တက်မှု အခက်အခဲများကို ရင်ဆိုင်နေရကြောင်း သိရသည်။

#PAN