(ပြည်တွင်း) ဧပြီ ၁
အပူချိန်မြင့်တက်လျက်ရှိသော မကွေးတိုင်းဒေသကြီးတွင် မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး တစ်ပြိုင်နက်တည်း ကမ္ဘာ့အပူဆုံးမြို့များစာရင်းတွင်လည်း ဒေသတွင်းမြို့များ ထိပ်တန်းအဆင့်များသို့ ရောက်ရှိနေကြောင်း သိရသည်။

ဧပြီ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် ပခုက္ကူမြို့နယ် အမှတ် (၄) ရပ်ကွက်၊ ထင်းတန်းလမ်း၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ပခုက္ကူခရိုင်နှင့် မြို့နယ်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၂ စီးနှင့် အထောက်အကူပြုယာဉ် ၁ စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
တစ်ဖက်တွင် မိုးလေဝသ Website တစ်ခုမှ ထုတ်ပြန်သည့် ဧပြီ ၁ ရက် မွန်းလွဲပိုင်း စာရင်းများအရ ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံမှ မြို့ ၉ မြို့ ပါဝင်လာပြီး မကွေးတိုင်းဒေသကြီး မင်းဘူးမြို့မှာ အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်ဖြင့် အဆင့် (၁) တွင် ရပ်တည်နေကြောင်း သိရသည်။

ထို့အပြင် မကွေးမြို့မှာ အပူချိန် ၄၁ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ဖြင့် အဆင့် (၃) တွင်လည်းကောင်း၊ ချောက်မြို့မှာ ၄၁ ဒသမ ၄ ဒီဂရီစင်တီဂရိတ်ဖြင့် အဆင့် (၄) တွင်လည်းကောင်း ပါဝင်နေကြောင်း သိရသည်။
အပူချိန်များ မြင့်တက်လာမှုကြောင့် မီးလောင်မှုအန္တရာယ်များ ပိုမိုဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် မီးအသုံးပြုရာတွင် သတိပြုဆောင်ရွက်ကြရန် တာဝန်ရှိသူများက အသိပေးထားကြောင်း သိရသည်။
#PAN