ဂျပန်သင်္ဘောများကို ဟော်မုဇ်ရေလက်ကြားကို ဖြတ် သန်းခွင့်ပြုမည်ဟု အီရန်ပြောကြား

(နိုင်ငံတကာ)မတ် ၂၁

     မဟာဗျူဟာမြောက် အရေးပါသော ရေလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို ထိန်း ချုပ်ထားသည့် အီရန်အစိုးရက ဂျပန်သင်္ဘောများကိုမူ ဖြတ်သန်းခွင့်ပြုမည်ဟု ပြောကြားလိုက်သည်။

​     ”ကျွန်တော်တို့ ရေလက်ကြားကို မပိတ်ထားပါဘူး။ ကျွန်တော်တို့ အမြင်အရတော့ ရေလက်ကြားဟာ ပွင့်နေဆဲပါ။ ကျွန်တော်တို့ကို တိုက်ခိုက်နေတဲ့ ရန်သူနိုင်ငံတွေနဲ့ သက်ဆိုင်တဲ့ သင်္ဘောတွေအတွက်ပဲ ပိတ်ထားတာပါ။ အခြားနိုင်ငံတွေအတွက်ကတော့ သင်္ဘောတွေ ဖြတ် သန်းသွားလာနိုင်ပါတယ်’’ ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ဂျပန်အခြေစိုက် Kyodo News သို့ သောကြာနေ့နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

    ဂျပန်နိုင်ငံသည် ၎င်း၏ ရေနံစိမ်း တင်သွင်းမှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို အရှေ့အလယ်ပိုင်းဒေသမှ ရယူနေရခြင်းဖြစ်ပြီး ရေလက်ကြားကို ဖြတ်သန်းတင်ပို့သည့် ကုန်သွယ်မှုအပေါ် အလွန်အမင်း မှီခိုနေရသည်။ သို့သော် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့ပြီးကတည်းက အဆိုပါ ရေလမ်းကြောင်းမှာ လက်တွေ့တွင် ပိတ်ဆို့နေခဲ့ခြင်း ဖြစ်သည်။

     ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောသွားလာမှုများသည် ရပ်တန့်လုနီးပါး ဖြစ်ပြီး လွန်ခဲ့သည့် တစ်ပတ်အတွင်း အီရန်နိုင်ငံသည် ၎င်းတို့၏ ပြင်းထန်သော ပြောဆိုမှုများကို လျှော့ချလာခဲ့သည်။ ရေလက်ကြားသည် တီဟီရန် (အီရန်အစိုးရ) ၏ ရန်သူများအတွက်သာ ပိတ်ထားခြင်းဖြစ်ကြောင်း ပြောကြားလာခဲ့သည်။
​မကြာသေးမီရက်ပိုင်းအတွင်း အီရန်အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ရေလမ်းကြောင်းကို ဖြတ်သန်းခွင့်ရရှိထားသည့် နိုင်ငံအနည်းငယ် (အဓိကအားဖြင့် တရုတ်၊ အိန္ဒိယနှင့် ပါကစ္စတန်) တို့၏ စာရင်းတွင် ဂျပန်နိုင်ငံသည်လည်း မကြာမီ ပါဝင်လာဖွယ် ရှိနေသည်။

     သင်္ဘောနှင့် ရေကြောင်းသတင်း ဝန်ဆောင်မှုလုပ် ငန်းတစ်ခုဖြစ်သည့် Lloyd’s List ၏ သီးခြားထုတ်ပြန်ချက်အရ သင်္ဘော ၁၀ စီးခန့်သည် အီရန်ကမ်းရိုးတန်းနှင့် ကပ်၍ ခုတ်မောင်းခြင်းဖြင့် ရေလက်ကြားကို ဖြတ် သန်းသွားလာခဲ့ကြကြောင်း သိရသည်။

#PositiveAngle #IranVsUSA #HormuzStrait2026 #JapanEnergy #OilMarketUpdate #GlobalNews

Telegram»…
https://t.me/positiveanglenews

#PAN