
(ပြည်တွင်း) ဇန်နဝါရီ ၂၉
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၂၂ ရက်နှင့် ၂၄ ရက်တို့တွင် မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ် (၂)စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် (၆)စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၂၆ ရက်တွင် မိုင်းဖြတ်မြို့နယ် ဟိုနား(စောမွန်)ကျေးရွာအနီး၌ တရားမဝင်ကုန်ပစ္စည်းတင် လိုင်စင်မဲ့မော်တော်ယာဉ်(၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၅၀၀,၀၀၀) ကိုလည်းကောင်း၊ ရပ်စောက်မြို့နယ် ရေဖြူကျေးရွာ၌ တရားမဝင် ကုန်ပစ္စည်းတင် လိုင်စင်မဲ့ မော်တော်ယာဉ်(၃)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ရပ်စောက်မြို့နယ် ရေဖြူကျေးရွာ၌ပင် မော်တော်ယာဉ် (၃)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း (၁၂)မျိုး၊ လုပ်ငန်းသုံးပစ္စည်း (၁၁)မျိုး၊ စားသောက်ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆,၉၃၃,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် လိုင်စင်ရှိ Mitsubishi Fuso Truck (၁)စီး၊ Toyota Hiace (၂)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၁၇,၄၃၃,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ယင်းအပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၆ ရက်တွင် ဟင်္သာတ မြို့နယ်အတွင်း၌ တရားမဝင် အခြားသစ် (၃ ဒသမ ၀၇၂)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၃၇,၄၂၄)ကို သစ်တောဥပဒေအရလည်းကောင်း၊ ဇန်နဝါရီ ၂၀ ရက်တွင် ပုသိမ်မြို့နယ် အမှတ်(၅)ရပ်ကွက်၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် (၁)စီးနှင့် လိုင်စင်မဲ့ မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၇၃၇,၄၂၄)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၂၄ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်(၅)ဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန် ပစ္စည်း(၃၇)မျိုး၊ လျှပ်စစ်ပစ္စည်း (၁)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄,၅၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိကြောင်းသိရသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်၊ ၂၀ ရက်၊ ၂၂ ရက်၊ ၂၄ ရက်နှင့် ၂၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၇)မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၉,၇၂၀,၄၂၄)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် တင်သွင်းမှုများကြောင့် သွင်းကုန်အစားအထိုး ပြည်တွင်းကုန်ထုတ် လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စားလုပ်ငန်းများကို ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံ၏ စီးပွားရေးဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်သည်။ သို့ဖြစ်ပါ၍ ယင်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ ပြောကြားထားကြောင်းသိရသည်။