ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ဈေးရောင်းပွဲတော်ကို နေပြည်တော် ပြည်သူ့ရင်ပြင်မှာ ကျင်းပမည်

(ပြည်တွင်း) ဇန်နဝါရီ ၂၉

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ ဈေးရောင်းပွဲတော်ကို နေပြည်တော်မှာအသစ်ဆောက်လုပ်နေတဲ့ ပြည်သူ့ရင်ပြင်မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်ကာလအတွင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ လုပ်ငန်း/စီးပွားချိတ်ဆက်မှုပြခန်း ဖွင့်လှစ်ကာ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်စေမယ့် လုပ်ငန်းစဉ်တွေ၊ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက MSME လုပ်ငန်းတွေ၊ သီလဝါ SEZ ရဲ့ Promotion Zone အတွင်း ထုတ်လုပ်ရေးလုပ်ငန်းတွေ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ၊ လက်လီ/လက်ကားရောင်းချသူတွေရဲ့ အချင်းချင်း ချိတ်ဆက်မှုလုပ်ငန်းစဉ်တွေ၊ ဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေ၊ အကောက်ခွန် ဦးစီးဌာနနဲ့ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေအကြားလုပ်ငန်းစဉ်တွေ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေနဲ့ နိုင်ငံတကာမှာရှိတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးသံမှူးတွေနဲ့ အွန်လိုင်းကနေ ဆွေးနွေးနိုင်မယ့်ဝန်ဆောင်မှုတွေ၊ မူပိုင်ခွင့်ဆိုင်ရာသိသင့်သိထိုက်သည်တွေ၊ ကုန်စည်ပြပွဲနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို ချိတ်ဆက်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်ဖြစ်လိုသူတွေ၊ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက အသေးစား၊ အငယ်စားနဲ့အလတ်စား MSME စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေ ချဲ့ထွင်ဆောင်ရွက်နိုင်ရေးအတွက် ပြပွဲကာလအတွင်း လုပ်ငန်း/စီးပွားချိတ်ဆက်မှု ပြခန်းမှာ သက်ဆိုင်ရာကဏ္ဍအလိုက် လာရောက်လေ့လာခြင်း၊ ဆွေးနွေးခြင်းတွေကိုလည်း ဆောင်ရွက်နိုင်တယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။