မွန်ပြည်နယ် မုဒုံမြို့နယ်ထဲမှာတည်ဆောက်မယ့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဟာ မွန်ပြည်နယ်အတွက်အပြင် နိုင်ငံတော်အတွက်ပါအကျိုးရှိတဲ့ ဆိပ်ကမ်းလို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ပြော

(စီးပွားရေး) ဇန်နဝါရီ ၂၂

မွန်ပြည်နယ် မုဒုံမြို့အနီးမှာ အပြည်ပြည်ဆိုင်ရာ ကမ်းရိုးတန်းသွားဆိပ်ကမ်း(၁)ခု တည်ဆောက်မှာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ကမ်းရိုးတန်းသွားဆိပ်ကမ်းတည်ဆောက်ခြင်းကြောင့် ပြည်နယ်အတွက်ရော နိုင်ငံအတွက်ပါ ပိုမိုအကျိုးရှိတဲ့ စီမံကိန်းတစ်ခုဖြစ်လာမှာဖြစ်တယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောဆိုထားပြီး သက်ဆိုင်ရာဌာနတွေနဲ့ တာဝန်ရှိသူတွေကလည်း ပူးပေါင်းဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမမှာ ကျင်းပပြုလုပ်တဲ့ မုဒုံမြို့အနီးမှာ အပြည်ပြည်ဆိုင်ရာ ကမ်းရိုးတန်းသွားဆိပ်ကမ်း တည်ဆောက်နိုင်ရေးနဲ့ စပ်လျဥ်းတဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး မှာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ကမ်းရိုးတန်းသွားဆိပ်ကမ်းကို မုဒုံမြို့နယ်အနီးမှာ ယခင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသစ်တည်ဆောက်ဖို့ လျာထားတဲ့ မြေဧရိယာ(၃၉၂.၇၅)ဧကမှာ TMS Holdings Co.,Ltd က ကမ်းရိုးတန်းသွား အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(၁)ခုကို BOT စနစ်နဲ့ တည်ဆောက် ခွင့်ပြုနိုင်ရေး အဆိုပြု တင်ပြထားတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ နေရာမှာ စက်သုံးဆီဆိုင်ရာဆိပ်ခံတံတား၊ စားသုံးဆီနဲ့ အထွေထွေကုန်ပစ္စည်းတွေဆိုင်ရာ ဆိပ်ခံတံတားနဲ့ LPG ဆိုင်ရာ ဆိပ်ခံတံတားတို့ပါဝင်တဲ့ ကမ်းရိုးတန်းသွား အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(၁)ခုကို BOT စနစ်နဲ့ တည်ဆောက်နိုင်ရေးတွက် TMS Holdings Co., Ltd ကအဆိုပြု လျှောက်ထားလာမှုအပေါ် မူအားဖြင့် ခွင့်ပြုပေးနိုင်ဖို့ လုပ်ထုံး လုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်နိုင်ဖို့ကို အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီရုံးက အကြောင်းကြားလာတယ်လို့လည်း ဆိုပါတယ်။

ဇန်နဝါရီ ၂၁ ရက်နေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ကမ်းရိုးတန်းသွား အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း(၁)ခု တည်ဆောက်နိုင်ရေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူးက ရှင်းလင်းတင်ပြခဲ့သလို သက်ဆိုင်ရာဌာနတွေနဲ့ TMS Co., Ltdတို့ကတာဝန်ရှိသူတွေကလည်း ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ရှင်းလင်းတင်ပြကြတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့အနီးက မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၃ ဒသမ ၀၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၃၁ ဒသမ ၁၈၇ မိနစ် တည်နေရာမှာလည်း ယာယီအပြည်ပြည်ဆိုင်ရာ စက်သုံးဆီတင်ချဆိပ်ကမ်း ပြုလုပ်မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထားခဲ့တာလည်း ရှိပါတယ်။

အဆိုပါ ယာယီအပြည်ပြည်ဆိုင်ရာ စက်သုံးဆီတင်ချဆိပ်ကမ်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်ကနေ ၂၀၂၆ ခုနှစ် မေလ ၁၈ ရက်အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

2 thoughts on “မွန်ပြည်နယ် မုဒုံမြို့နယ်ထဲမှာတည်ဆောက်မယ့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဟာ မွန်ပြည်နယ်အတွက်အပြင် နိုင်ငံတော်အတွက်ပါအကျိုးရှိတဲ့ ဆိပ်ကမ်းလို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ပြော

Comments are closed.